စက်တင်ဘာ−၁၁၊၂၀၂၅၊မေ/People’s Spring
မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းက ရှားဆေးချက်ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ၅ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တိရစ္ဆာန်တွေလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၁ရက် ဒီကနေ့ မနက်၁နာရီ ၄၅မိနစ်မှာ စစ်ကောင်စီတပ်ရဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချခဲ့တာလို့ သိရပါတယ်။
ဗုံးကြဲခံရမှုမှာ အသက်(၆၃)နှစ်အရွယ် ဦးစိုး၊အသက်(၅၉)နှစ်အရွယ် ဦးကြည်ဝင်း၊အသက်(၅၅)နှစ်အရွယ် ဒေါ်အင်း၊အသက်(၂၄)နှစ်အရွယ် မသဲစုမွန်၊အသက်၂၉နှစ်အရွယ် မောင်ပြည့်ဖြိုး အောင်တို့ ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“အိပ်နေတဲ့ အချိန်ကြဲသွားတာ။ဒဏ်ရာပြင်းထန်တွေ လည်းပါတယ်။နွား၇ကောင်လည်း သေတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ရှားဆေးချက်ကျေးရွာဟာ မြောင်းသစ်ကျေးရွာရဲ့ အနောက်ဘက်မှာရှိပြီး စစ်ကြောင်းတွေ တိုက်ပွဲတွေရဲ့ အဝေးမှာရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီက မတ္တရာမြို့နယ်မှာ အရပ်ဘက်ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်တာတွေလုပ် နေပြီး နေ့စဉ် လေကြောင်းတိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
