close
Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်ခရီးစဉ်အပြီး မြန်မာနယ်စပ်တစ်လျှောက် အင်အားဖြည့်နေသည့်အိန္ဒိယကို ဒေသခံတွေဝေဖန်

အိန္ဒိယစစ်တပ်မှ ထိပ်တန်းအရာရှိတစ်ဦး နေပြည်တော်ခရီးစဉ်အပြီးတွင် မြန်မာနယ်စပ်တစ်လျှောက်ကို အိန္ဒိယကလုံခြုံရေးတိုးမြှင့်လိုက်ပြီး နယ်စပ်ဒေသတွေနေထိုင်သူများအား ပိုမိုစစ်ဆေးနေကြောင်းသတင်းရရှိသည်။

စစ်ကိုင်းတိုင်း၊ တမူးမြိုနယ်နှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် နယ်စပ်ခြံစည်းရိုးကို တွေ့ရစဉ်။ဓာတ်ပုံ - CJ

ဇူလိုင်-၂၅၊၂၀၂၅။ကဖေး/People’s Spring

အိန္ဒိယစစ်တပ်မှ ထိပ်တန်းအရာရှိတစ်ဦး နေပြည်တော်ခရီးစဉ်အပြီးတွင် မြန်မာနယ်စပ်တစ်လျှောက်ကို အိန္ဒိယကလုံခြုံရေးတိုးမြှင့်လိုက်ပြီး နယ်စပ်ဒေသတွေနေထိုင်သူများအား ပိုမိုစစ်ဆေးနေကြောင်းသတင်းရရှိသည်။

” တမူးရော၊ နာဂဘက်ရော အိန္ဒိယစစ်တပ်က အင်အားသုံးပြီးလုံခြုံရေးယူထားတယ်။ နယ်စပ်မှာနေတဲ့သူတွေဒုက္ခရောက်တာပေါ့။ သူတို့ဘာလုပ်ချင်တာလဲတော့မသိပါဘူး။ အနေအထားကြပ်သွားပါပြီ။ ပိုပြီး ဖိနှိပ်တာတွေလုပ်လာနိုင်တယ်”ဟု တမူးနယ်စပ်မှ ဒေသခံတစ်ဦးက ပြောသည်။

မြန်မာသည် အိန္ဒိယနိုင်ငံနှင့် ကချင်ပြည်နယ်၊ ရှင်းပြည်နယ်၊စစ်ကိုင်းတိုင်းတို့နှင့် ၁၀၂၁မိုင်ခန့်အထိနယ်စပ်ထိစပ်နေပြီး People’s Spring ၏ ဒေသခံသတင်းရင်းမြစ်များ၏ပြောကြားချက်အရ နယ်စပ်တလျှောက်အားလုံးကို ဇူလိုင် ၂၀ရက်ကစ၍ လုံခြုံရေးတိုးမြင့်လာခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အိန္ဒိယတပ်မတော် ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးညွှန်ကြား ရေးမှူးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ်(ထောက်လှမ်းရေး) Lieutenant General Shrinjay Pratap Singh, AVSM, YSM ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၆ရက်က နေပြည်တော်သို့လာရောက်ပြီး အပြန်တွင် ထိုကဲ့သို့အပြောင်းအလဲများဖြစ်ပေါ်ခဲ့ခြင်းဟု ဆိုသည်။

အဆိုပါခရီးစဉ်တွင် အိန္ဒိယစစ်တပ်အရာရှိသည် စစ်‌ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံ‌ရေးတိုးမြှင့်ရေး၊ ငလျင်ဘေးကိုအိန္ဒိယနိုင်ငံမှ ကူညီခဲ့မှုများနှင့်နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စများ၊ စစ်ကောင်စီက ကျင်းပရန်ကြိုးပမ်းနေသည့်ရွေးကောက်ပွဲကိစ္စများကိုဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အိန္ဒိယဘက်က နယ်စပ်တစ်လျှောက်အားလုံခြုံရေးတိုးမြင့်သည့်အနေအထားသည် ပုံမှန်ထက်ထူးခြားနေပြီး နယ်စပ်ဒေသများတွင်ရှိနေသည့် စစ်ကောင်စီအားတိုက်ခိုက်နေသော တော်လှန်ရေးအင်အားစုများအား ဖိအားပေးလာသည့်ပုံစံဖြစ်ကြောင်း ဒေသခံများက သုံးသပ်သည်။

“ကျနော်တို့နယ်စပ်ဘက်ကိုလည်းကျော်ပြီး ဗုံးကြဲတယ်။ ဘာဖြေရှင်း ချက် မှလဲ မပေးဘူး။ ဒေသခံတွေကဘယ်သူ့ကိုအားကိုးလို့အားကိုးရမှန်းမသိတော့ဘူး။ ဗုံးကြဲပြီးနေပြည်တော်သွားတယ်။ ကျနော်တို့မြေပြင်မှာကျတော့ ဘာအကူအညီမပေးဘူး။ အခုလည်း နယ်စပ်ကိုပိုပြီးပိတ်ဆို့ထားတယ်” ဟု နာဂဒေသ၊ နန်းယွန်းမြို့မှဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင် ၁၃ရက်နံနက်က နန်းယွန်းမြို့နယ်မှ ကျေးရွာအချို့ကိုအိန္ဒိယစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်။အိန္ဒိယဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ အာသံလွတ်မြောက်ရေး တပ်ဦး (ULFA-I) စခန်းရှိသည်ဟုဆိုကာ ဗုံးကြဲခြင်းဖြစ်ပြီး ULFA-Iထိပ်တန်းတပ်မှူး ၃ ဦး သေဆုံးကြောင်း India Today သတင်းဌာနက ဇူလိုင် ၁၄တွင် ဖော်ပြခဲ့သည်။ ဒရုန်းဖြင့် ဗုံးအလုံးရေ၁၀၀ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံများ၏ နေအိမ်အချို့ပျက်စီးခဲ့သည်ဟု ‌နန်းယွန်းမြို့ဒေသခံက People’s Spring သို့ ပြောသည်။

ထိုသို့တိုက်ခိုက်မှုအပြီးတွင် အိန္ဒိယတပ်မတော် ကာကွယ်ရေးဆိုင်ရာထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ် (ထောက်လှမ်းရေး)က နေပြည်တော်သို့လာရောက်ခြင်းဖြစ်သည်။

နယ်စပ်တစ်လျှောက်ကို အိန္ဒိယဘက်ကလုံခြုံရေးတိုးမြင့်ထားသည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့အားမေးမြန်းရာ မှတ်ချက်ပြုပြောကြားခြင်းမရှိပေ။

အိန္ဒိယစစ်တပ်သည် ပြီးခဲ့သည့် မေလ ၁၄ရက်ကလည်း တမူးမြို့နယ်နှင့်ထိစပ်နေသော အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်အနီးတစ်နေရာတွင် တမူးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့မှ ရဲဘော် ၁၀ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ အိန္ဒိယ-မြန် မာနယ်စပ် ချန်ဒယ်ခရိုင်၊ ခင်ဂျွိုင်းမြို့နယ်၊ နယူးဆမ်တဲလ်ကျေးရွာအနီး၌ အိန္ဒိယတပ်မတော်၊ အရှေ့ပိုင်းစစ်ဌာနချုပ်၊ အာသံပြည်နယ်၊ အာသံရိုင်ဖယ်တပ်ဖွဲ့ကဦးဆောင်ပြီး စစ်ဆင်ရေးပြုလုပ်စဉ် လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁၀ဦးကို ရှင်းလင်းခဲ့သည်ဟု အိန္ဒိယဘက်က သတင်းထုတ်ပြန်ခဲ့သည်။

တမူးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့မှရဲဘော် ၁၀ဦးသတ်ဖြတ်ခံရမှုကိုတာဝန်ယူမှုရှိစွာဖြင့် စုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူဖြေရှင်းပေးရန်၊ နစ်နာမှုများအတွက် တာဝန်ယူဆောင်ရွက်ပေးရန်၊ နောင်တွင် အလားတူ ကိစ္စများမဖြစ်စေရေးအတွက် စီမံဆောင်ရွက်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ‌တောင်းဆိုထားသည်။အိန္ဒိယအစိုးရက ယနေ့အထိ ဖြေရှင်းခြင်းမရှိပေ။

ထို့အပြင် အိန္ဒိယအစိုးရသည် တမူးမြို့နယ်နှင့် ဆက်စပ်‌နေသော နယ်စပ်ခြံစည်းရိုးကို ကာနေပြီး မြန်မာနိုင်ငံပိုင်နက်ဖက်သို့ တိုးကာနေသည်။ မြေပြင်တွင် တမူးခရိုင်မှပြည်သူ့ကာကွယ်ရေးရဲဘော်များက ကန့်ကွက်တားဆီးခဲ့သလို နှစ်နိုင်ငံနယ်ခြားစည်းညှိနှိုင်းမှု မပြီးပြတ်သေးသည့်ကာလတွင် တဖက်သတ် ခြံစည်းရိုးခတ်ခြင်းအားယာယီရပ်ဆိုင်းထားရန်လည်း NUGက တောင်းဆိုထားသည်။ စစ်ကောင်စီကမူ နှုတ်ဆိတ်နေသည်။

အိန္ဒိယအစိုးရသည် အာဏာသိမ်းစစ်ကောင်စီကို အကာအကွယ်ပေး‌နေပြီး ပြည်သူလူထု၏ဆန္ဒကို လစ်လျူရှုထားသည်ဟု နယ်စပ်ဒေသမှမြန်မာများနှင့် အိန္ဒိယရောက်မြန်မာရပ်ဖက်အဖွဲ့အစည်းများက ပြစ်တင်ဝေဖန်နေကြသည်။အိန္ဒိယအစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် သံတမန်ဆက်ဆံရေး တိုးမြှင့်ရန်အိန္ဒိယ-မြန်မာအရေးလေ့လာသည့် India for Myanmar အဖွဲ့အပါအဝင် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စက်ချွတ်ယွင်းပြီး အရေးပေါ် ဆင်းသက်ခဲ့ရတဲ့နောက် အိန္ဒိယမှာ သီတင်းပတ် တော်တော်များများ သောင်တင်နေခဲ့တဲ့ ဗြိတိန် တော်ဝင်ရေတပ် တိုက်လေယာဉ်ဟာ အခုတော့ ချောချောမောမောနဲ့ ပြန်လည် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

သတင်း

ဒရုန်း​တွေနဲ့ ၂ ကြိမ် တိုက်ခိုက်မှုမှာULFA ​​ခေါင်း​ဆောင်ပိုင်း ၃ ဦး​သေဆုံးပြီး ၁၉ ဦးဒဏ်ရာရ

နိုင်ငံတကာ

အိန္ဒိယနိုင်ငံရဲ့ ဂူဂျာရတ် ပြည်နယ်ထဲမှာ မြစ်ကူးတံတားတစ်စင်း ရုတ်တရက် ကျိုးကျရာက လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ချင်းတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှစ်ခုကြားက စစ်ရေး ပဋိပက္ခကြောင့် စစ်ရှောင်ပြည်သူ ၃၀၀ လောက်ဟာ အိန္ဒိယ နိုင်ငံဖက်ခြမ်း၊ မီဇိုရမ် ပြည်နယ်ထဲကို ထွက်ပြေးခဲ့ကြရတယ်လို့ အိန္ဒိယသတင်းဌာန NDTV က​ဖော်ပြပါတယ်။