ဇူလိုင်-၁၅၊၂၀၂၅/ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က အဓမ္မ စစ်မှုထမ်းခံရတဲ့ တပ်သား ၃ ဦး မုံရွာပကဖနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က စစ်မှုထမ်း တပ်သား(စကစအခေါ်ပြည်သူ့စစ်) ၃ ဦးဟာ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် (၂) ပကဖ တိုက်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့မုံရွာပကဖအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
“သူတို့ကို ရပ်ကွက်ထဲက ပျူတွေက ရုံးခဏလိုက်ခဲ့ပါဦးဆိုပြီး စစ်သင်တန်းရောက်တာရော။ အလုပ်ကအပြန် ပါသွားတာရော။ ကျွန်တော် တို့ ရဲဘော်တွေကိုယ်တိုင် နမခ အနီးအနားထိ သွားရောက်ခေါ်ယူခဲ့တာပါ။”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
သူတို့ ၃ ဦးဟာ လက်နက်တော့ မပါကြောင်း၊တပ်သား ၃ ဦးအနက် ၂ ဦးမှာ စစ်မှုထမ်းသက် လပိုင်းသာရှိသေးပြီး တစ်ဦးကတော့ တစ်နှစ်ကျော်ရှိပြီလို့ သိရပါတယ်။
အလင်းဝင်သူတွေကို ကောင်းမွန်စွာ ထားရှိပြီး စစ်ရာဇဝတ်အမှုများနဲ့ ပတ်သက်မှုမရှိတာကြောင့် သူတို့ ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း ကြိုးစားဆောင်ရွက်ပေးမယ်လို့ မုံရွာပကဖက အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် (၃)ရက်ကနေ့ကလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က စစ်မှုထမ်း ခေါ်ခံရတဲ့ တပ်သား ၄ ယောက်ဟာ မုံရွာပကဖနဲ့ ချိတ်ဆက်ပြီး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာခဲ့ပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံလိုသူတွေကို အကူအညီပေးနေတဲ့ပြည်သူ့ပန်းတိုင်အဖွဲ့ကကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ရဲ၊ ပြည်သူ့စစ် အဖွဲ့ဝင် ၂၇၀ ဦး အလင်းဝင်လာခြင်း၊ လက်နက်ချခြင်းနဲ့ စစ်သုံ့ပန်းဖမ်းဆီးခံရခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အလင်းဝင်လာသူများမှာ စစ်သား ၁၀၀ ဦး၊ ရဲ ၅ ဦး၊ ပြည်သူ့စစ် ၆ ဦး စုစုပေါင်း ၁၁၁ ဦးရှိကြောင်း၊ အလင်းဝင် စစ်သားတွေအနက် ၅၂ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်ကြောင်းပြည်သူ့ပန်းတိုင်က အသိပေးပါတယ်။
