close
Connect with us

Hi, what are you looking for?

သတင်း

နတ်အိမ်တောင်နယ်စပ်စခန်းအင်အားဖြည့်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအောင်ကိုဟိန်း သေဆုံးဟု KNLA ပြော

နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၄ဦးထက်မနည်းသေ၊ လက်နက် ၂လက်ရဟု အသိပေး

နတ်အိမ်တောင်နယ်စပ်စခန်း အင်အားဖြည့်လာသည့်စစ်ကောင်စီတပ်ထံမှ သိမ်းရသော သေနတ်နှစ်လက်အား တွေ့ရစဉ်။ ဓာတ်ပုံ - KNU - Mergui-Tavoy District

ဇူလိုင်-၁၃၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ နတ်အိမ်တောင်နယ်စပ်စခန်း အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အရာရှိအပါအဝင် ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်အား ဇူလိုင် ၁၁ရက်နှင့် ၁၂ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ဇူလိုင် ၁၁ရက် နံနက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ဦးသေဆုံးကာ ဇူလိုင် ၁၂ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ ယင်းနေ့ ညနေပိုင်းတွင်ထပ်မံ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်တစ်ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၄)က အသိပေးသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်ကိုဟိန်းလည်း ပါဝင်ခဲ့သည်ဟု အသိပေးသည်။

” ဖြစ်တာကတော့ ရေဖြူဘက်ခြမ်းက။ နာရီတောင်လမ်းဆိုတာက ကလိန်အောင်နဲ့ နာရီတောင်သွားတဲ့ လမ်းပေါ့။ ရေဖြူမြို့နယ်ပေါ့။ တိုက်ပွဲဖြစ်တဲ့နေရာက နယ်စပ်မှာမဟုတ်ဘူး ။နယ်စပ်နဲ့ အမှတ်(၈)လမ်းမကြားမှာဘဲ ထင်တယ်။ စစ်ရေးအခြေအနေက စစ်ကြောင်းထိုးတော့ တိုက်ပွဲဖြစ်မှာပေါ့”ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

နတ်အိမ်တောင်နယ်စပ်စခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များမှာ ခလရ -၂၈၂တပ်ရင်း ၊ ၂၇၃၊ ၄၀၈၊ ၄၀၉၊ ၄၁၀တပ်ရင်းတို့မှ ဖြစ်ပြီး အင်အား ၁၀၀ခန့်ပါဝင်နိုင်ဟု ပဒိုစောအယ်နားက ခန့်မှန်းသည်။

နတ်အိမ်တောင်စခန်းသည် ထီးခီးဒေသ အရှေ့မြောက်ဘက်ခြမ်း၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်းဖြစ်သည်ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

” စကစ အင်အားများတယ်။ ၁၀၀ ကျော်တယ်။ အဲဒီစခန်း(နတ်အိမ်တောင်စခန်း)။ ဂတ်စ်ပိုက်လုံးတပ်မလို့လို့။ ဂတ်စ်ပိုက်လိုင်း ထိုင်းဘက်သွားလမ်း။ နတ်အိမ်တောင်စခန်းက လုံခြုံရေးယူပေး”ဟု ကရင်သတင်းရင်းမြစ်က နတ်အိမ်တောင်စခန်း အခြေအနေကို ပြောသည်။

ထို့အပြင် နတ်အိမ်တောင်နှင့် အမြှောက်ကုန်းလှုပ်ရှားတပ်ခွဲမှူး ဗိုလ်ကြီးဇော်ဇော်အောင်သည် စစ်ကောင်စီ၏ လက်ရှိကျင့်သုံးနေသော စနစ်နှင့် ဆောင်ရွက်နေသော နည်းလမ်းများကို လက်မခံနိုင်၍ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့သည်ဟု မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ(၄) ပူးပေါင်းတပ်သည် ထီးခီး၊ ထီးထ၊ ဘောဒီ၊ငါးရံ့နီ၊သုခ စစ်ကောင်စီ နယ်စပ်စခန်းများကို ယခုနှစ်အတွင်း သိမ်းပိုက်ထားပြီးဖြစ်ကာ ကျန်နေသည့် တပ်စခန်းများကို တိုက်ခိုက်သွားရန်ရှိဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

သုခစခန်းသိမ်းတိုက်ပွဲမတိုက်မီ အဆိုပါတပ်စခန်းတာဝန်ခံ ခလရ(၂၈၂)တပ်ရင်း စစ်ကြောင်း(၂) စစ်ကြောင်းမှူး ဗိုလ်ကြီးမျိုးဆွေဦး(ခ) စောမိုးဇက်သည် စစ်ကောင်စီထံမှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နှင့် ချိတ်ဆက် ဘက်ပြောင်းခိုလှုံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်ရှိ စစ်တပ်၏ဝေါလေဗျူဟာစခန်း၏ လက်နက်တိုက်ကို ဒရုန်းဖြင့် တိုက်ခိုက်ဖောက်ခွဲခဲ့ကြောင်း Force for Federal Democracy(FFD)က ယနေ့ ဇူလိုင် ၁၃ရက်တွင် ရုပ်သံမှတ်တမ်းထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီး၊လက်နက်ငယ်များစွာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ယနေ့(ဇူလိုင် ၁၃ရက်) ထုတ်ပြန်သည်။

သတင်း

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေကို Cobra Column စစ်ကြောင်း(၁)၊တပ်ခွဲ-၂(PKYY)က ဒီက​နေထုတ်ပြန်ပါတယ် ။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)၊ တပ်မဟာ(၄)ထံသို့ စစ်ကောင်စီတပ်သား ၅ဦး အလင်းဝင်လာကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။