စစ်ကောင်စီကမိုးဗြဲမြို့ကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေထဲက ၁ မြို့လျော့သွားပါတယ်။
ဒါကြောင့် မိုးဗြဲမကျခင်အထိတော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၉၅ မြို့ ရှိတာကနေ ၉၄ မြို့ဖြစ်သွားပါတယ် ။ စစ်ကောင်စီတပ် နဲ့ PNO/PNA ပြည်သူ့စစ်တွေ ကအင်အားအများအပြားနဲ့ လပေါင်းများစွာ ကြည်းကြောင်း ၊လေကြောင်းကနေ အပြင်းအထန်ထိုးစစ်ဆင်ပြီး ဇူလိုင်လ ၆ ရက်မှ မိုးဗြဲမြို့ပေါ်ရပ်ကွက်အားလုံးကို စစ်တပ်ကပြန်လည်ထိန်းစိုးမိုးနိုင်ခဲ့တယ် လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး နဲ့ ရှမ်းမန်းစစ်ဆင်ရေးစတင်ခဲ့တဲ့ ၂၀၂၄ ဇွန်လ ၂၅ ရက်နောက်ပိုင်း တစ်နှစ်အတွင်းမှာစစ်တပ်ကတန်ပြန်ထိုးစစ်ဆင်ပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့မြို့ မရှိခဲ့ရာကနေ ၂၀၂၅ ဇူလိုင်လဆန်းမှာ မှ မိုးဗြဲမြို့ကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

Public Service Announcement
ဒါအပြင် စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကိုလည်း အင်အားထောင်ချိုသုံးထိုးစစ်ဆင်နေတာမှာ TNLA ဦးဆောင်တဲ့မဟာမိတ်တပ်တွေ ဆက်တိုက်နောက်ဆုတ်နေရပြီး ဇူလိုင် ၁၂ ရက်မှာမြို့အနီးထိရောက်လာပါတယ်။ ဇူလိုင် ၁၃ မှာ မြို့ထဲကိုစတင်ဝင်ရောက်နေပြီလို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေကဖော်ပြနေပါတယ် ။တော်လှန်ရေးတပ်တွေအတွက်နောင်ချို မြို့ကျရင် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၁ မြို့ထပ်မံလျော့သွားမှာဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေသိမ်းထားတဲ့ သပိတ်ကျင်းမြို့နယ်မှာလည်းစစ်တပ်ကတန်ပြန်ထိုးစစ်ဆင်နေတာမှာ မြို့နဲ့ ၄ မိုင်အကွာက ရွာကိုသိမ်းပိုက်နိုင်ခဲ့လို့မြို့နဲ့ ၄ မိုင်ခန့်အကွာအဝေးထိနီးကပ်လာပါတယ် ။ ဒါကြောင့် ရှမ်းမြောက်နဲ့ သပိတ်ကျင်းမှာ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်က အသာရနေတဲ့အခြေအနေဖြစ်ပါတယ်။
တဖက်မှာတော်လှန်ရေးတပ်တွေထဲမှာ ကရင်နီတပ်ပေါင်းစုက ကာလရှည်ထိုးစစ်ဆင်နေတဲ့ ဖားဆောင်းမြို့မှာ စစ်တပ်ရဲ့ အမှတ် ၁၃၄ ခြေလျင်တပ်ရင်း (ခလရ -၁၃၄)ကိုသိမ်းပိုက်လိုက်တဲ့အတွက် ခလရ ၁၃၅ ပဲကျန်ပါတော့တယ် ။ ခလရ ၁၃၅ သိမ်းနိုင်ရင် ဖားဆောင်းမြို့ကိုသိမ်းပိုက်နိုင်ပြီဖြစ်ပါတယ်။ကချင်ပြည်နယ်မှာ KIA နဲ့ မဟာမိတ်တပ်တွေ ထိုးစစ်ဆင်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲက မြို့ရဲ့ နေရာအများစုကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး စကခ (၂၁)ရဲ့ကာကင်းစခန်းအချို့ကိုသိမ်းပိုက်ထားပေမယ့် အပြီးသတ်မသိမ်းပိုက်နိုင်သေးတာကြောင့်မြို့ကိုလက်စသတ်မသိမ်းနိုင်သေးပါဘူး ။ ဖားကန့်မြို့မှာတော့စစ်တပ်စစ်ကူစစ်ကြောင်းတွေဝင်လာပြီး ဖားကန့်မြို့ကိုထိန်းချုပ်ဖို့ကြိုးစားတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပါတယ် ။
အာရက္ခတပ်တော် (AA) ရဲ့ ကျောက်ဖြူမြို့က စစ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်မှုဟာ ပိုပြင်းထန်းလာသလို စစ်တပ်ကအင်အားအများအပြားထပ်ပို့ခုခံပေမယ့် စစ်တပ်အထိနာနေပါတယ်။
ကရင်ပြည်နယ်မှာ KNU/KNLA ဦးဆောင်ပြီး PDF၊KNDO စတဲ့ပူးပေါင်းတပ်တွေထိုးစစ်ကြောင့် မြဝတီ မြို့တောင်ဘက်မှာ စစ်တပ်စခန်း ၂ ခုပဲကျန်ပါတော့တယ် ။ကျန်နေတဲ့ ဝေါလေဗျူဟာနဲ့ တိသဲလယ်ကာကင်းစခန်းတွေကိုလည်းတော်လှန်ရေးတပ်တွေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ် ။
၂၀၂၃ ဇွန်လကစပြီး ကရင်နီတပ်ပေါင်းစုက ကရင်နီပြည်မှာ မယ်စဲ့မြို့ကို သိမ်းပိုက်ထိန်းချုပ်တာကစခဲ့တဲ့ နွေဦးတော်လှန်ရေး ရဲ့မြို့သိမ်းတိုက်ပွဲတွေဟာ ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်စလိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေကို အရှိန်အဟုန်နဲ့သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။၂၀၂၄ ဇွန်လ ၂၅ က စတဲ့ ၁၀၂၇ ဒုတိယလှိုင်း နဲ့ရှမ်းမန်းစစ်ဆင်ရေး ကာလနဲ့နောက်ပိုင်းမှာလည်း တော်လှန်ရေးတပ်တွေက စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေကိုဆက်တိုက်သိမ်းနိုင်ခဲ့ပါတယ်။
အလွန်ရှားပါးတဲ့ဖြစ်ရပ်တွေအဖြစ် စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တွေကိုပါ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမယ့်တရုတ်အစိုးရရဲ့ ဖိအားပေး ကြားဝင်စွက်ဖက်မှုတွေကြောင့် ၁၀၂၇ စစ်ဆင်ရေးရပ်တန့်သွားသလို ၊ ၂၀၂၅ ဧပြီလမှာ စစ်ကောင်စီကကျည်တချက်မဖောက်ရပဲ လားရှိုးမြို့ကို MNDAA ဆီကပြန်ရခဲ့ပါတယ် ။
၂၀၂၅ ခုနှစ် ဧပြီလဆန်းမှာ တော်လှန်ရေးတပ်တွေက စစ်ကိုင်းတိုင်းက အင်းတော်မြို့ နဲ့ ချင်းပြည်နယ်မှာ ဖလမ်းမြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒီနှစ်ထဲမှာထပ်တိုးသိမ်းပိုင်နိုင်တာနည်းနေပါသေးတယ်။ဒါအပြင် တရုတ်အစိုးရက နိုင်ငံမြောက်ပိုင်းမှတော်လှန်ရေးအဖွဲ့တွေအပေါ်ဖိအားပေးစွက်ဖက်မှုပိုလုပ်လာသလို ၊ စစ်ကောင်စီက ဆုံးရှုံးထားတဲ့ မြို့တွေကို ဦးတည်ပြီးတန်ပြန်ထိုးစစ်ဆင်လာတာတွေ ဒီလပိုင်းမှာပိုလုပ်လာတာကိုတွေ့နေရပါတယ် ။
