close
Connect with us

Hi, what are you looking for?

သတင်း

CDFဟွာလ်ငိုးရမ်း နှင့် CNDF အကြားတိုက်ပွဲ ကြားဝင်ညှိနှိုင်းပေးသူမရှိသေးဟု နှစ်ဖက်တာဝန်ရှိသူများ ပြော

တိုက်ပွဲမဖြစ်လိုဘဲရွေးချယ်စရာမရှိ၍ဟု CDF ဟွာလ်ငိုးရမ်းပြော၊အမြန်ဆုံးဆွေးနွေးဖြေရှင်းလိုဟုCNDFပြော

ဇူလိုင်-၃၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ် ဖလမ်းမြို့နယ်အခြေစိုက်ချင်းဒေသကာကွယ်ရေးတပ်များဖြစ်သော CDF ဟွာလ်ငိုးရမ်းနှင့်ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲ နှင့်ပတ်သက်ပြီး ကြားဝင်ညှိနှိုင်းပေးသူမရှိသေးကြောင်းနှင့် တိုက်ပွဲမဖြစ်လိုကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြောသည်။

ဖလမ်းမြို့နယ်အတွင်း CDF ဟွာလ်ငိုးရမ်းတပ်စွဲရာနေရာ ၃ နေရာထက်မနည်းတွင် ဇူလိုင် ၂ရက်က တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ အပြန်အလှန် စွပ်စွဲထားသည်။

CDF ဟွာလ်ငိုးရမ်း ပြောရေးဆိုခွင့်ရှိသူ ဦးလာလ်ခေါပွီးမောယာက တိုက်ပွဲဖြစ်ပွားရခြင်းမှာ CNDF က CDF ဟွာလ်ငိုးရမ်း၏ ကင်းစခန်းငယ်များ အလစ်အငိုက်တိုက်ခိုက်ခဲ့၍ဖြစ်သည်ဟုပြောသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ဘက်ကတိုက်ပွဲမဖြစ်ပွားဖို့အကြိမ်ကြိမ်သည်းခံပြီးတော့ တိုက်ပွဲကို တားဆီးချင်ပေမယ့် သူတို့ဘက်က ဒီလိုမျိုး စတင်ကျူးကျော်တိုက်ခိုက်လာတဲ့အခါ ကျနော်တို့ဘက်မှာရွေးချယ်စရာ မရှိဘူး”ဟုဦးလာလ်ခေါပွီးမောယာကပြောသည်။

ဇူလိုင် ၂ ရက်တိုက်ပွဲတွင် ကင်းစခန်း သုံးခုကို လက်လွှတ်ခဲ့ရဟုလည်း ၎င်းကဆက်ပြောသည်။

“ လက်နက်တချို့ရယ် ရဲဘော်အချို့ ဖမ်းဆီးခံရတယ်လို့ကျနော်တို့ သိရတယ်။ ဒါပေမဲ့အတည်ပြုလို့တော့ မရသေးဘူး” ဟု ဦးလာလ်ခေါပွီးမောယာက ပြောသည်။

CNDF ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီကလည်းတိုက်ပွဲဖြစ်ပွားရခြင်းမှာ CDF ဟွာလ်ငိုးရမ်းဘက်ကစတင်ပစ်ခတ်၍ဖြစ်ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ နယ်နိမိတ်ကိစ္စ ဖြစ်ကြောင်း ဆလိုင်းတင်မီက ပြောသည်။

ဖလမ်းမြို့နယ်တွင် မျိုးနွယ်စု ၁၂ စုရှိရာCDF ဟွာလ်ငိုးရမ်းက မျိုးနွယ်စုအမည်ဖြင့်လက်နက်ကိုင်ပြီး ဟွာလ်ငိုးရမ်းနယ်မြေ သတ်မှတ် အုပ်ချုပ်နေခြင်းဖြစ်သည်ဟု ပြောသည်။ နယ်နိမိတ်ကိစ္စများကို တော်လှန်ရေးကာလ၌ မလုပ်ရန် ယခင်ကတည်းက ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရခဲ့ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

သီးကျစ်ရွာရှိ CNDF ရဲဘော်များထွက်သွားရန် CDF ဟွာလ်ငိုးရမ်းကစေခိုင်းရာမှတဆင့်ဇူလိုင် ၂ရက်တွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြောပြသည်။

“ကျနော်တို့ ရဲဘော်တွေကလည်း တခြားနေရာတွေမှရှိတဲ့အခါကျတော့ သီးကျစ်မှာရှိတဲ့ ရဲဘော်တွေကို စစ်ကူဖို့အတွက် သွားရင်းနဲ့အဲဒီအနားမှာရှိတဲ့ သူတို့ ဂိတ်တွေ သူတို့နေရာတွေ ဖြတ်ရတဲ့အခါကျတော့ အခြားသူတို့ရဲ့ နေရာတွေမှာလည်းပစ်ခတ်မှု ဖြစ်ပွားတာရှိပါတယ်။ ပစ်ခတ်မှုက သုံးလေးနေရာမှာ ဖြစ်ပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။

အချင်းချင်းကြားဖြစ်သည့် ကိစ္စဖြစ်၍ အနည်းဆုံးထိခိုက်မှု ဖြစ်အောင် ကြိုးပမ်းခဲ့သည်ဟုလည်း၎င်းကဆက်ပြောသည်။CDF ဟွာလ်ငိုးရမ်း ရဲဘော်အချို့ကိုဖမ်းမိထားသည်ဟုလည်း ဆလိုင်းတင်မီက ပြောသည်။

“ဒါကျနော်တို့ ညီအကိုချင်းဖြစ်တယ်။နယ်နိမိတ်ကိစ္စနဲ့ဒီကိစ္စတွေကြေငာ့်ပဋိပက္ခဖြစ်တယ်ဆိုတော့ ကျနော်တို့ဘက်ကအလျှော့ပေ့ဆုံးနဲ့ ဘာမှထိခိုက်မှုမရှိအောင်တော့လောလောဆယ်ထိန်းထိန်းသိမ်းသိမ်းလုပ်ထားတာရှိပါတယ်။ ကျနော်တို့ ထိန်းသိမ်းထားတဲ့သူတွေရှိတယ်။ ဒါပေမဲ့ အဲဒီလူတွေကိုလည်း ဘာမှ ရန်သူလို မဆက်ဆံပါဘူး။ကျနော်တို့ ရန်သူလည်းမဟုတ်ပါဘူး။ပစ်ခတ်တာကိုလည်း ဂုဏ်လည်းမယူပါဘူး။ ဒါက မဖြစ်သင့်တဲ့ စကစ တိုက်ခိုက်နေတဲ့ နှစ်ဖွဲ့ကြားမှာ ပဋိပက္ခ ဖြစ်တာ ကျနော်တို့က စားပွဲပေါ်မှာ ဖြေရှင်းလို့ ရရင်တော့ အမြန်ဆုံးဖြေရှင်းချင်တယ်” ဟု ဆလိုင်းတင်မီက ပြောသည်။

ပစ်ခတ်မှု ရပ်ပြီး ပဋိပက္ခကို ဖြေရှင်းမည့်အခြေအနေကို အမြဲတမ်းရွေးချယ်မည်ဖြစ်ပြီး ဆွေးနွေးမည်ဆိုပါက အသင့်ရှိဟု ဆလိုင်းတင်မီကဆက် ပြောသည်။

“တော်လှန်ရေးကာလမှာ သတ်မှတ်တာ မဟုတ်ဘဲနဲ့လွတ်လွတ်လပ်လပ်ကျနော်တို့ CNO/CNDF လည်း သူတို့ နယ်မြေသတ်မှတ်ထားတဲ့နေရာမှာ သွားလာလို့ရမယ် ၊ သူတို့လည်း ကျနော်တို့ နယ်မြေမှာ လွတ်လွတ်လပ်လပ်သွားလာလို့ ရတဲ့အခြေအနေ တခုရောက်တဲ့အချိန်မှာ ပစ်ခတ်မှုက ရပ်စဲမှာ” ဟု ဆလိုင်းတင်မီက ပြောကြားသည်။

လက်ရှိအချိန်သည် တော်လှန်ရေး တစိုက်မတ်မတ်လုပ်ရန် အရေးကြီး၍ အချင်းချင်း ပစ်ခတ်မှု ဖြစ်ခဲ့ခြင်း၊ မစည်းလုံးနိုင်ခဲ့ခြင်းအပေါ် ဝမ်းနည်းစရာကောင်းဟု ဆလိုင်းတင်မီကဆိုသည်။

စစ်ကောင်စီကင်းစင်ရေးကို အဓိက လုပ်ဆောင်ရန်လိုအပ်ပြီး နောက်ပိုင်းစစ်ကောင်စီကင်းစင်ချိန်၌ တိုင်းမည်ကို မည်သို့ဖော်ဆောင်မည် အုပ်ချုပ်မည် နယ်မြေသတ်မှတ်မည်ဆိုသည်များကို တော်လှန်ရေး အဖွဲ့များနှင့် ပြည်သူများ ဆွေးနွေးပြီး လုပ်ဆောင်ရမည်ဟုလည်း ဆလိုင်းတင်မီက ပြောသည်။

CNDFသည် ချင်းညီနောင်အဖွဲ့ဝင်ဒေသကာကွယ်ရေးတပ်ဖြစ်ပြီး မဟာမိတ်များနှင့်အတူ ဖလမ်းမြို့ကိုတိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။ CNDF ပါဝင်ဖွဲ့စည်းထားသည့်ချင်းညီနောင်သည် ဖလမ်း၊ မတူပီမြို့၊ ကျင်ဒွေး၊ကန်ပက်လက်၊ မင်းတပ်မြို့များကို သိမ်းပိုက်ထားသည်။

အလားတူ ချင်းပြည်ကောင်စီ အဖွဲ့ဝင်ဖြစ်သော CDF ဟွာလ်ငိုးရမ်းသည် ချင်းပြည်နယ်၏ ပထမဆုံး မြို့သိမ်းတိုက်ပွဲဖြစ်သော ရိခေါ်ဒါရ် မြို့သိမ်း စစ်ဆင်ရေးကို မဟာမိတ်များနှင့်အတူ ဖော်ဆောင်ခဲ့သည်။ ထို့ပြင် ဟွာလ်ငိုးရမ်းဒေသရှိ ရိဒ်ခေါ်ဒါရ်၊ သိုင်းငင်း၊ ရေဇွာ၊လိုင်လင်းပီ၊ တွန်းဇံ၊ ကျီခါး မြို့သိမ်း စစ်ဆင်ရေးများ၌ ပါဝင်သကဲ့သို့ ထန်တလန်နှင့်ဟားခါးကြား တိုက်ပွဲများ၌လည်း ပါဝင်ခဲ့ပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည်။

ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီတို့သည် ချင်းအမျိုးသားပြန်လည်ပေါင်းစည်းနိုင်ရေး ကြိုးပမ်းနေပြီး ချင်းမြောက်ပိုင်းသို့ ထိုးစစ်ဆင်လာသည့်စစ်ကောင်စီစစ်ကြောင်းကိုလည်း အတူပူးပေါင်း တိုက်ခိုက်လျက်ရှိသည်။ တဖက်တွင်လည်း ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီအကြား ပြဿနာအချို့ ရှိခဲ့ပြီး နှစ်ဖက်အဖွဲ့ဝင် အဖွဲ့အစည်း တပ်များ အကြား ထိတွေ့မှုနှင့် ပဋိပက္ခများ ရှိခဲ့သည်။

ယခင်က ချင်းညီနောင်နှင့်ချင်းပြည်ကောင်စီအကြား ညီညွတ်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်များက နှစ်ဖက်တာဝန်ရှိသူများကို တွေ့ဆုံတိုက်တွန်းခဲ့သည့် ဖြစ်စဉ် အချို့လည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးတပ်ဖွဲ့ရဲ့ကင်းစခန်းတခု စီးနင်းခံရကာ လက်နက်ခဲယမ်းတချို့ ဆုံးရှုံး

သတင်း

ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ နှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် မေလနှောင်းပိုင်းကစ၍ တိုက်ပွဲများပိုပြင်းထန်လာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) က ထုတ်ပြန်သည်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းအပြီး လေးနှစ်ကျော်အကြာ အခုဇွန်လအတွင်းမှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အ​မွေအနှစ်စာရင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ ပုဂံ၊ညောင်ဦးဒေသမှာ တိုက်ပွဲအချို့ဖြစ်နေပြီး စစ်တပ်က ဒေသတစ်ခုလုံးနီးပါးကို တင့်ကားတွေသုံးပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ စစ်ဘေးရှောင်နေရပါတယ်။

သတင်း

ဆင်ဖြူကျွန်းမြို့နယ်တွင်တင့်ကား နှင့် သံချပ်ကာ ယာဥ်များပါဝင်သည့် စစ်တပ် စစ်ကြောင်း နှင့် ​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။