ဇွန်-၁၄၊ ၂၀၂၅။ဇေအောင်/People’s Spring
မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုတဲ့အလုပ် လာလုပ်နေတဲ့ ချောင်းဦးက စစ်ရှောင်တဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဇွန်လ (၁၃)ရက် ညနေ ၃ နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၃ လမ်း၊ လမ်း ၂၀နဲ့၂၁ လမ်းကြားက ငလျင်ဒဏ်သင့် ငါးထပ်တိုက်ဘော်ဒါဆောင်ကို ဖြိုချနေတုန်း အသက်(၄၄)နှစ်အရွယ် အမျိုးသားတဦး ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“သစ်သားကိုသံတူရွင်းနဲ့ခွာတာ။ဓါတ်ကြိုးကို ထိုးမိပြီး သံတူရွင်းကနေ ဓာတ်လိုက်တာ။”လို့ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
ဓါတ်လိုက်ပြီးနောက်အဲဒီအမျိုးသားကိုလူမှုကယ်ဆယ်ရေးအသင်း ရှေးဦးသူနာပြုစုနည်းတွေနဲ့အသက်ကယ်ဖို့ကြိုးစားခဲ့ပြီး ဆေးရုံပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ဦးထွန်းဝင်းဟာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ လာရောက်လုပ်ကိုင်နေသူတဦးဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။
မန္တလေးမှာ ငလျင်ဒဏ်သင့်အဆောက်အအုံတွေကို လူအင်အားနဲ့ဖြိုချနေရပြီး လုပ်သားများဟာ အကာအကွယ်ပစ္စည်းမပါဘဲ အသက်အန္တရာယ်နဲ့နီးကပ်စွာဆောင်ရွက်နေရတယ်လို့မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့မေလ(၃၁)ရက်ကလည်းမန္တလေးမြို့၊ ၂၆ လမ်း၊ လမ်း ၆၀ အနီးက ငလျင်ထိသွားတဲ့တိုက် ဖြိုချခဲ့ရာမှာ အလုပ်သမားနှစ်ယောက်ထိခိုက်ခဲ့တဲ့အနက် ၁၈ နှစ်အရွယ်သားဖြစ်သေဆုံးကာ ဖခင်ဖြစ်သူ ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။
