ဇွန်-၁၂၊၂၀၂၅။ရဲခေါင်/People’s Spring
ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်တွင်လုပ်ခလစာတိုးတောင်းသည့်ဆန္ဒပြခေါင်းဆောင်းများကို တရုတ်နိုင်ငံသားပိုင်အထည်ချုပ်ကုမ္ပဏီက ရဲခေါ်ဖမ်းဆီးပြီး ၎င်းတို့သတ်မှတ်နှုန်းအတိုင်းယူရန် ဖိအားပေး၍လက်ဗွေနှိပ်ခိုင်းခဲ့သည်။
တရုတ်နိုင်ငံသားပိုင် Runyang (Myanmar )အထည်ချုပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ပေးရန်တောင်းဆိုသည့် လုပ်သားထုခေါင်းဆောင်ခြောက်ဦး ကို ညှိနှိုင်းမည်ဟုဆိုကာဇွန်လ ၁၂ရက်မွန်းလွဲ ၂ နာရီခန့်က ရွှေပြည်သာမြို့နယ်အလုပ်သမားရုံးသို့ခေါ်ဆောင်သွားခြင်းကြောင်း ဖြစ်စဥ်ကိုသိရှိသူများကပြောသည်။
“အများနည်းတူ တစ်ရက်လုပ်ခ ၁၃,၀၀၀ ကျပ်တောင်းတာ။သူတို့(စက်ရုံ)ကပေးတာ ၁၁,၀၀၀ ပဲပေးမယ်။ပြီးတော့ ဆန္ဒပြတဲ့ရက်တွေမှာ ငါးရက် ရှိတယ်။နှစ်ရက်ကို ၆,၈၀၀ ပဲပေးမယ်ဆိုလို့ ခေါင်းဆောင်တွေက မလုပ်နိုင်ဘူးဆိုပြီဖြစ်ကြရင်းနဲ့ ရဲတွေပါလာတာ”ဟု Runyang (Myanmar ) အထည်ချုပ်မှ အလုပ်သမားတစ်ဦးက ဖြစ်စဥ်ကို လူထုနွေဦးသို့ ရှင်းပြသည်။

Public Service Announcement
ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန် ရှိ Run yang (Myanmar )အထည်ချုပ်စက်ရုံကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်တွင်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ် သည်။
“လူပါးဝတာခံရတာ။လက်နက်ကိုင်ပြီးပါ ခြိမ်းခြောက်ခံရတယ်။အဆင်မပြေကြလို့ တောင်းဆိုကြတာပါ။အလုပ်သမားတွေရဲ့ကိုယ်စားလှယ်တွေဆို သူတို့ကို အတင်းအကြပ်ဖိအားတွေပေးတယ်ဆိုပြီး ညနေ ၆ နာရီခွဲလောက်က ပြန်လာတော့ ငိုကြတယ်”ဟု ဖြစ်စဥ်ကိုသိရှိသူက လူထုနွေဦးသို့ ပြောသည်။
ဇွန်လ ၆ ရက်ကစ၍ လုပ်သား ၃၀၀ ဝန်းကျင်ရှိ အဆိုပါ အထည်ချုပ်စက်ရုံ၌ လုပ်ခလစာနှင့်အချိန်ပိုကြေးတိုးပေးရန် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။နေ့ကြေး (တစ်ရက်လုပ်အားခ) ၁၃,၀၀၀ ကျပ် နှင့် အချိန်ပိုကြေး ၂,၅၀၀ ကျပ်ရရှိရန်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
“အရင်က ဒေးကြေး တစ်သောင်း၊အိုတီ ၁၈၀၀ ပေးတယ်။ဒါလည်း မှန်တာမဟုတ်ပါဘူး။အတိုက်အခံလုပ်ပြီး မှန်အောင် မနည်းတောင်းရတယ်” Runyang (Myanmar )မှ ဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏လက်နက်ကိုင်များခေါ်ယူပြီး အတင်းအကြပ်ဖိအားပေးခံရသည့်အခြေအနေကြောင့်စက်ရုံမှထွက်မည် လုပ်သားများရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အထည်ချုပ်လုပ်သားများ၏ ပြောဆိုချက်အရ Runyang စက်ရုံသည် နိုင်ငံတကာအမှတ်တံဆိပ် Tee ranova နှင့် Amisu အမှတ်တံဆိပ်အထည်များကို ချုပ်လုပ်နေခြင်းဖြစ်သည်။
ပြည်တွင်းကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ ကြပ်တည်း လာသည့် စားဝတ်နေရေးကြောင့် စက်ရုံ၊အလုပ်ရုံ လုပ် သားထု၏ လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော်တောင်းဆိုမှုများဆက်တိုက်ရှိလာသည်။
