မေ ၂၃၊၂၀၂၅။ဇေအောင်၊ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှာ တိုင်းမှုးအလှူရှိလို့ ဖျော်ဖြေရေးလုပ်နေချိန် စစ်အုပ်စုက လက်နက်ကြီးနဲ့ မုံရွာဝန်းကျင်ကို ပစ်ခတ်ခဲ့လို့ ပြည်သူနှစ်ဦး သေဆုံးပြီး ၈ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မေလ(၂၂)ရက် ည ၇နာရီဝန်းကျင်က မုံရွာမြို့အဝင် မအူဂိတ်နဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ထဲကနေ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ မအူဂိတ်က ပစ်ခတ်ခဲ့တဲ့ ၈၁မမ လက်နက်ကြီး (၆)လုံးဟာ နဂါးတွင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁၀ဦးပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ကာ နှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လက်နက်ကြီးက ၆ လုံးကျတာ ပြည်သူ ၁၀ဦးထိခိုက်ရာမှာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကတော့ ညတည်းက ဆုံးသွားလို့ ဒီမနက်စောစောပဲကိစ္စပြီးလိုက်ကြတာပြောတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
မနေ့(မေလ ၂၂ရက်)မနက်က နမခထဲမှာ တိုင်းမှူးရဲ့ ရဟန်းခံရှင်ပြုအလှူရှိပြီး ညပိုင်းမှာတော့ ဒိန်းဒေါင်အပါအဝင် စစ်ကောင်စီလော်ဘီတချို့ လာရောက်ဖျော်ဖြေခဲ့တယ်လို့ ဒေသခံတချို့က ဆိုပါတယ်။ ဆားလင်းကြီးမြို့နယ်သား အဆိုတော်ဖော်ဝေးပါတယ်လို့ သတင်းတွေထွက်နေပြီး အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဖော်ဝေးကတော့ သူအိမ်မှာဘဲရှိနေတဲ့အကြောင်း ဒီကနေ့ Liveလွှင့် ငြင်းဆိုထားပါတယ်။
“အဲ့ပွဲမှာ စကစတပ်သားတွေ နမခထဲမှာ မူးရူးသောက်စားပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်တာမျိုးတွေလည်းရှိတယ်။ မနေ့ညက။”လို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။
“နေရာတင်က နှစ်ယောက်သေတာ။ အိမ်ပေါ် တည့်တည့်ကျတာ”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူက နဂါးတွင်းရွာ ပြည်သူများလက်နက်ကြီးထိမှန်ခဲ့သည့်အခြေအနေကို လူထုနွေဦးသို့ ပြောသည်။
နဂါးတွင်းကျေးရွာဟာ အရင်ကလည်း စစ်တပ်က လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ဖူးပါတယ်။
