မေ-၂၃၊၂၀၂၅။People’s Spring
KIA နဲ့ ပူးပေါင်းတပ်တွေက ရွှေကူမြို့မှာအရေးပေါ်ဆင်းသက်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရဟတ်ယာဥ်ကို မေလ ၂၁ ရက်နေ့မှာထပ်မံသွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာကြောင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA က ပစ်ချဖျက်ဆီးခဲ့တဲ့ စစ်တပ်ရဟတ်ယာဥ်နဲ့ တိုက်လေယာဥ် ၅ စီးရှိပြီဖြစ်ပါတယ်။
ဒါကြောင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီကို ခုခံတွန်းလှန်ရင်းပစ်ချနိုင်ခဲ့တဲ့ စစ်တပ်ရဲ့ လေယာဥ် နဲ့ ရဟတ်ယာဥ်အစီးရေ အနည်းဆုံး ၁၀ စီးရှိပြီဖြစ်ပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေကမေလ ၂၀ ရက်နေ့မှာ ဗန်းမော်မြို့ အမှတ် (၂၁) စစ်ဆင်ကွပ်ကဲမှုဌာနချုပ်(စကခ ၂၁) ကို စစ်ကူနဲ့ ခဲယမ်း၊ရိက္ခာလာပို့တဲ့ ရဟတ်ယာဥ် ၃ စီးကို ပစ်ခတ်တိုက်ခိုက်တာမှာ ၂ စီးထိမှန်ပြီး ၁ စီးကရွှေကူမြို့အနီး သစ်တောထဲမီးလောင်ကျွမ်းပျက်ကျခဲ့ပါတယ်။သယ်ယူပို့ဆောင်ရေးရဟတ်ယာဥ် ဖြစ်တဲ့Mi-17 ပေါ်ပါ စစ်သား ၁၆ ဦးစလုံးသေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှ ဗျူဟာမှူး တစ်ဦး အပါအဝင်အရာရှိအချို့ပါဝင် တယ်လို့ စစ်ရေးရင်းမြစ်တွေကပြောပါတယ်။

Public Service Announcement
ကျန် ၁ စီးမှာလည်းထိခိုက်ပျက်စီးမှုများရှိပြီး ရွှေကူမြို့သို့အရေပေါ်ဆင်းသက်ထားစဥ် မေ ၂၁ ရက်နေ့ ညနေပိုင်းမှာ KIA နဲ့ပူးပေါင်းတပ်တွေကထပ်မံတိုက်ခိုက်ဖျက်ဆီးခဲ့တာလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက လူထုနွေဦးကိုအတည်ပြုပါတယ်။
KIA ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ရဟတ်ယာဥ်နဲ့ လေယာဥ်တွေကို ပစ်ချဖျက်ဆီးနိုင်ခဲ့တာ အနည်းဆုံး ၅ စီးရှိပြီဖြစ်ပါတယ်။ ဒါဟာတော်လှန်ရေးအဖွဲ့တွေထဲမှာစစ်ကောင်စီရဲ့ ရဟတ်ယာဥ်နဲ့လေယာဥ်ကို အများဆုံးပစ်ချနိုင်တာဖြစ်ပါတယ်။
၂၀၂၁ မိုးမောက်မြို့နယ်မှာ Mi-35 ရဟတ်ယာဥ်တစ်စီး ၊၂၀၂၄ ဇန်နဝါရီ ၃ ရက်မှာ ဝိုင်းမော်မြို့နယ်မှာလည်း Mi-35 ရဟတ်ယာဥ်တစ်စီး၊၂၀၂၄ ဇန်နဝါရီ ၁၆ ရက်မှာကွတ်ခိုင်မြို့နယ်မှာ FTC 2000 G တိုက်လေယာဥ် နဲ့ အခု အကြိမ်မှာ Mi-17 ရဟတ်ယာဥ် ၂ စီးကိုပစ်ချခဲ့တာပါ။Mi-17ရဟတ်ယာဥ် ၂ စီးကို ပစ်ခတ်တိုက်ခိုက်တာ ၊သစ်တောထဲ ပျက်ကျပြီးမီးလောင်ပြီး စစ်သားတွေသေဆုံးနေတဲ့ ရုပ်သံမှတ်တမ်းတွေပါထွက်ပေါ်နေပြီဖြစ်ပေမယ့် စစ်ကောင်စီကတော့ ရုတ်တရက်မတော်တဆဖြစ်ပြီးပျက်ကျတာလို့ သတင်းလိမ်လည်ထုတ်ပြန်ထားပါတယ်။
