မေ၁၉၊၂၀၂၅။ရဲခေါင်/People’s Spring
ပရာဒေါင်းဆွေမျိုးစုနှင့် လေးပွင့်ကြယ်ကုမ္ပဏီတို့အကြား ဖြစ်ပေါ်နေသည့် မကြေလည်မှုများကို နှစ်ဦးနှစ်ဖက်ပြေလည်သွားသည်အထိ ဆောင်ရွက်မည်ဟု ကယန်းပြည်သစ်ပါတီ (KNLP) ဗဟိုကော်မတီက ယနေ့(မေလ ၁၉ ရက်) ထုတ်ပြန်သည်။
ကယန်းအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို မျှော်ကိုးကြောင်းလည်း ဖော်ပြသည်။
လေးပွင့်ကြယ်ကုမ္ပဏီသည် ကယန်းပြည်သစ်ပါတီ KNLP ဥက္ကဌဦးသန်းစိုးနိုင်၏ ကုမ္ပဏီဖြစ်ပြီး ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာရှိ မြင်းမထိတောင်ပေါ်၌ အကြီးစားသတ္တုတူးဖော်ရေးကို မစ္စတာဝမ်၏ တရုတ်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုထားသည်။

Public Service Announcement
ထို့ကြောင့် သိကျိတ်ကျေးရွာမြင်းမထိဒေသ၏ မူလပိုင်ရှင် ပရာဒေါင်းဆွေမျိုးစုက ကန့်ကွက်ခဲ့ပြီး နောက် ဆွေမျိုးစု၏ ဥက္ကဌ ခွန်းအောင်နိုင်စိုး၊ ဒု-ဥက္ကဌ ဦးဘမောင်၊ ပရာဒေါင်းဆွေမျိုးစု လူငယ်အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင်နှင့် နာယက ဦးအားဒိုတို့ကို သိကျိတ်ကျေးရွာ၊ ငိန်းကယန်းထန် (ခ) ဦးရွှေအေးနေအိမ်တွင် လေးပွင့်ကြယ်ကုမ္ပဏီ လုံခြုံရေးတပ်ဖွဲ့က မေလ ၁၆ ရက်တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
ထိုဖြစ်ရပ်အပြီး လေးရက်အကြာတွင် KNLP ဗဟိုကော်မတီက သဘောထားထုတ်ပြန်ချက်ပြုလုပ်ခဲ့ရာတွင် လေးပွင့်ကြယ်ကုမ္ပဏီနှင့် ပရာဒေါင်းဆွေမျိုးစု ကြားဖြစ်ပေါ်နေသည့် မြင်းမထိတောင် သတ္တုတူးဖော်ရေးဆိုင်ရာ ကြေလည်မှုမရှိသည့်အပေါ် ရိုသေလေးစားထိုက်သော ဘာသာရေးအကြီးအကဲများ၊ချစ်ခင်လေးစားရသောမဟာမိတ်အဖွဲ့အစည်းများနှင့် ကယန်း လူမှုအဖွဲ့အစည်းအသီးသီး တို့က အကြံပြုစာပေးပို့လာကြောင်း အသိပေးသည်။
လေးပွင့်ကြယ်ကုမ္ပဏီသည် လုပ်ငန်းတိုးချဲ့နိုင်ရန် ဆီဘူးမြို့ရှိ လေးပွင့်ကြယ်ကုမ္ပဏီရုံးခန်းတွင် ပထမအကြိမ်ဆွေးနွေးရာ ပရာဒေါင်းဆွေမျိုးစုဥက္ကဌနှင့် လေးပွင့်ကြယ်ကုမ္ပဏီက ကြိုတင်ရည်ရွယ်ထားသောလူမှုအသင်းအဖွဲ့ဝင်အချို့ပါဝင်ကာ လုပ်ငန်းဆောင် ရွက်မည့်အစီအစဥ်နှင့် ဒေသခံပြည်သူများအတွက် ပြန်လည်အကျိုးပြုမည့်အစီအစဥ်၊သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအစီအစဥ်များ ရှင်းလင်းချပြခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် ပရာဒေါင်းဆွေမျိုးစုနှင့် သိကျိတ်ကျေးရွာရှိဒေသခံများကို လေးပွင့်ကြယ်ကုမ္ပဏီက အလေးထားကြောင်း ပေါ်လွင်ထင်ရှားသည်ဟု KNLP ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
လုပ်ငန်းဆောင်ရွက်ရေးတွေ့ဆုံညှိနှိုင်းသည့်အကြိမ် တိုင်းတွင်လူအချို့၏အပြုသဘောမဆောင်ဘဲ ပျက်သုဥ်းရေးကိုသာစိတ်အားထက်သန်ဦးတည်နေကြောင်း စိစစ်တွေ့ရှိရကြောင်း ဖော်ပြသည်။
လေးပွင့်ကြယ်ကုမ္ပဏီအနေဖြင့် လုပ်ငန်းအတွက်လိုအပ်သော စက်ယန္တရားအချို့ကိုလုပ်ကွက်အနီး ပို့ဆောင်ထားခြင်းသာရှိပြီး ယနေ့အထိ သတ္တုတူးဖော်ခြင်းလုံးဝလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသည်ဟုလည်း KNLPက ပြောသည်။
“ထုတ်ပြန်ချက်အရဆိုရင် ဆွေမျိုးစုခေါင်းဆောင်တွေရဲ့ နောက်က သွေးထိုးနေတယ်ဆိုတဲ့ အကြောင်းအရာကို သူတို့(KNLP)က သိချင်လို့ ခေါင်းဆောင်တွေကို ဖမ်းသွားတာလို့ ပြောချင်တာလို့ယူဆတယ်။ဒေသခံတွေက လက်ခံပြီးနောက်ကွယ်က လူတွေကြောင့် ဖြစ်တာပါလို့ခေါင်းစဥ်တပ်ချင်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ဒါဆိုရင် ကျွန်တော်ပြောချင်တာက သာ တူညီမျှ ဘာလက်နက်အုပ်စိုးမှု၊သွေးထိုးမှုတွေမလုပ်ဘဲ ဒေသခံလူထုရဲ့ ဆန္ဒကိုခံယူပြီး အဆုံးအဖြတ်လုပ်ပါ”ဟု သိကျိတ်ကျေးရွာခံတစ်ဦးက KNLP ၏ ယနေ့ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြောသည်။
KNLP ဗဟိုကော်မတီအနေဖြင့် ၎င်း၏ သဘောထားမှတ်ချက်တွင် မတရားဖမ်းဆီးခံရသူ များအရေးကို ထည့်သွင်းအသိပေးသင့်ကြောင်လည်း ကယန်းအမျိုးသားတစ်ဦးက ဆိုသည်။
“လေးရက်ရှိနေပြီ။ဖမ်းခံရတာ။ဘာအကြောင်းပြန်ချက်မှမပေးဘဲ ဆွေမျိုးစုဦးဆောင်သူတွေကို ဖမ်း ခံရတာ။ဖမ်းခံရသူတွေရဲ့ အခြေအနေတစိုးတစ တောင်မပါဘဲ ကိုယ့်အမြင်သဘောထားပဲထုတ်တာ။ဆွေးမျိုးစု ဦးဆောင်သူတွေကို အမြန်ဆုံးလွှတ်ပေးပါ”ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ထားသူများအား ယနေ့ (မေလ ၁၉ ရက်) ညနေ ၄ နာရီ နောက်ဆုံးထားပြန်လွှတ်ပေးရန် ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီက ထုတ်ပြန်ထားသည်။
သို့သော်လည်း ယနေ့ည ၁၀ နာရီခွဲအထိ ပြန်လွတ်လာသည့် အကြောင်းမကြားရသေးဟု ပရာဒေါင်းဆွေမျိုးစု မှလူငယ်အချို့က လူထုနွေဦးသို့ အတည်ပြုသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသော ဆွေမျိုးစုခေါင်းဆောင်များနှင့် လေးပွင့်ကြယ်ကုမ္ပဏီမှ တာဝန်ရှိသူတို့၏ တခါးပိတ် ဆွေးနွေးညှိနှိုင်းမှုများမှ သဘောတူညီချက်များကို ကျန်ရှိနေသေးသော ဗဟိုကော်မတီဝင်၊ ဒေသခံ ပြည်သူလူထုများနှင့် သပိတ်ဦးဆောင်ကော်မတီမှ လုံးဝ(လုံးဝ) အသိအမှတ်ပြုမည်မဟုတ်ကြောင်းလည်း သတိပေးထားသည်။
တစုံတရာ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်လိုပါက ဖမ်းဆီးထားသော ဆွေမျိုးစုခေါင်းဆောင်များကို သတ်မှတ်ထားသည့် အချိန်အတွင်း ပြန်လွတ်ပေးရန်နှင့် လေးပွင့်ကြယ်ကုမ္ပဏီအနေဖြင့် တရားမျှတပြီး ပွင့်လင်းမြင် သာမှုရှိသော တခါးဖွင့်ဆွေးနွေးညှိနှိုင်းမှုမျိုးကိုသာ ဖော်ဆောင်ပေးရန် ပရာဒေါင်းဆွေမျိုးစု ဗဟိုကော် မတီကတိုက်တွန်းသည်။
တောင်းဆိုချက်များကို လေးစားလိုက်နာခြင်းမရှိပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အကျိုးဆက် ကိစ္စအဝဝကို ပရာဒေါင်းဆွေမျိုးစုဗဟိုကော်မတီမှ တာဝန်ခံမည်မဟုတ်ကြောင်းလည်း ဖော်ပြသည်။
ပရာဒေါင်းဆွေမျိုးစုသည် ကယန်းလူမျိုး၊ ကဲဒေါ့မျိုးနွယ်စု၏ ဆွေမျိုးစု တစ်ခု ဖြစ်ပြီး သိကျိတ်ကျေးရွာ မြင်းမထိဒေသတွင် ပရာဒေါင်းဆွေမျိုးစုများနေ ထိုင်သည်။
မြင်းမထိတောင်တွင် အကြီးစားသတ္တုတူးဖော်မှုကြောင့် အိမ်ခြေ ၃၀ကျော်ရှိသည့် စခန်းကြီးရွာဟောင်းမှ ဒေသခံများ ရွာလုံးကျွတ် ရွှေ့ပြောင်းရပြီး အိမ်ခြေ ၆၀ ကျော်ရှိသည့် စခန်းကြီးရွာသစ်၊ အိမ်ခြေ ၃၀ ခန့်ရှိသည့် ကုန်းဆုံကျေးရွာ နှင့် အိမ်ခြေ ၄၀၀ ခန့်ရှိသော သိကျိတ်ကျေးရွာတို့ကိုလည်း ဘေးဥပါဒ် ဖြစ်စေနိုင်ကြောင်း ပရာဒေါင်း ဆွေမျိုးစုက အသိပေးသည်။
လက်ရှိကယန်းပြည်သစ်ပါတီ (KNLP) ဥက္ကဋ္ဌမှာ သန်းစိုးနိုင်၊ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC)ကို ဗိုလ်မှူးချုပ် အိုက်နော်ထားက တာဝန်ယူပြီး ကယန်းပြည်သစ်တပ်မတော် (KNLA)၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်မြားနို ဖြစ်သည်။
