မေ ၁၉၊၂၀၂၅။သတိုး/People’s Spring
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ စစ်ကောင်စီ၏ ဘုရင့်နောင်တပ်နယ်စခန်း(တိုက်ခိုက်ရေးသင်တန်းကျောင်း)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့တာဝန်ရှိသူက ပြောသည်။
မေလ ၁၉ရက် နံနက် ၇ နာရီခွဲတွင် အဆိုပါ သင်တန်းကျောင်းအတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုန်း ၅လုံးပစ်ခတ်ခဲ့ရာ လေးလုံးအောင်မြင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
အဆိုပါသင်တန်းကျောင်းသည် အောက်မြန်မာပြည်ရှိစစ်ကောင်စီ၏ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးကို ဦးဆောင်နေသော အရာရှိများအား တိုက်ခိုက်ရေးပညာ အဓိကသင်ကြားနေသော သင်တန်းကျောင်းဖြစ်သည်။

Public Service Announcement
ယင်းစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) ၏ဦးဆောင်မှုဖြင့်Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) ၊ KNLA တပ်မဟာ (၂)နှင့် တပ်ရင်း(၅)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်ရှုံးကောင်စီ၏ ဩဇာခံ၍ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် နှိပ်စက်ရန် စစ်ကောင်စီယန္တရား အား အမိန့်ပေးကွပ်ကဲနေသော စစ်ကောင်စီအရာရှိများကို ပြည်သူ့ကိုယ်စား တန်ပြန်တိုက်ခိုက်ရန် ရည်ရွယ်၍ BWM နှင့် မဟာမိတ်များက BWM Mission 38 ကိုဖော်ဆောင်ရခြင်းဖြစ်သည်”ဟု အသိပေးထားသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုနှင့်ပတ်သက်၍ စုံစမ်းနေဆဲဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
BWM နှင့်မဟာမိတ်အဖွဲ့များသည် မေလ ၁၈ရက်ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများကြောင်း ထုတ်ပြန်ထားသည်။
