မေ၁၉၊၂၀၂၅။ရဲခေါင်/People’s Spring
ဖမ်းဆီးခေါ်ဆောင်ထားသည့် ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ၊ ဒုဥက္ကဌ၊နာယကနှင့် လူငယ်အတွင်းရေးမှူးတို့ကို ယနေ့(မေလ ၁၉ ရက်) ညနေ ၄နာရီ နောက်ဆုံးထားပြန်လွှတ်ပေးရန် ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီက ထုတ်ပြန်သည်။
မေလ ၁၆ ရက်တွင် ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုး၊ ဒုဥက္ကဌ ဦးဘမောင်၊ ပရာဒေါင်းဆွေမျိုးစု လူငယ်အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင်နှင့် နာယကဦးအားဒိုတို့ကို သိကျိတ်ကျေးရွာ၊ ငိန်းကယန်းထန် (ခ)ဦးရွှေအေးနေအိမ်၌ လေးပွင့်ကြယ်ကုမ္ပဏီလုံခြုံရေးတပ်ဖွဲ့က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဟု ဆိုသည်။
လက်ရှိအချိန်ထိ ဖမ်းဆီးခေါ်ဆောင်သွားသော ဆွေ မျိုးစုခေါင်းဆောင်များနှင့်လည်း အဆက်အသွယ် တစုံတရာ မရရှိသည့်အပြင် ပြန်လည်လွတ်မြောက်လာခြင်းလည်း မရှိသောကြောင့် ၎င်းတို့၏လုံခြုံရေး လွန်စွာစိုးရိမ် ကြောင်း မေလ ၁၈ရက်တွင် ထုတ်ပြန်သည်။

Public Service Announcement
“ဦးသန်းစိုးနိုင်ရဲ့ဇာတိဖြစ်တဲ့ ကျေးကတော့ ကို ခေါ်သွားတယ်သိရတယ်။ကျန်တာတော့ဘာမှမသိရသေးဘူး ။အမြန်ဆုံးလွှတ်ပေးဖို့ပဲတောင်းဆိုတယ်”ဟု ပရာဒေါင်းဆွေမျိုးစုမှလူငယ်တစ်ဦးက ဖမ်းဆီးခေါ်ဆောင်ခံရသူများအရေးနှင့်နှင့်ပတ်သက်၍ လူထုနွေဦးသို့ ပြောသည်။
အဆိုပါလုပ်ရပ်သည် ပရာဒေါင်းဆွေမျိုးစုနှင့် ဒေသခံပြည်သူလူထုများ၏ သဘောထားကို လျစ်လျူရှုရာ သက်ရောက်သည့်အပြင် ကယန်းပြည်သူလူထုအား လုံးကို ခြိမ်းခြောက်သည့် လုပ်ဟန်ဖြစ်သည့်အတွက် ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီမှ ပြင်း ပြင်းထန်ထန် ရှုတ်ချကြောင်း ဖော်ပြသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသော ဆွေမျိုးစုခေါင်းဆောင်များနှင့် လေးပွင့်ကြယ်ကုမ္ပဏီမှ တာဝန်ရှိသူတို့၏ တခါးပိတ်ဆွေးနွေးညှိနှိုင်းမှုများမှ သဘောတူညီချက်များကို ကျန်ရှိနေသေးသော ဗဟိုကော်မတီဝင်၊ ဒေသခံပြည်သူလူထုများနှင့် သပိတ်ဦးဆောင်ကော်မတီမှ လုံးဝ(လုံးဝ) အသိအမှတ်ပြုမည်မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။
တစုံတရာ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်လိုပါက ဖမ်းဆီးထားသော ဆွေမျိုးစုခေါင်းဆောင်များကို သတ်မှတ်ထားသည့် အချိန်အတွင်း ပြန်လွတ်ပေးရန်နှင့် လေးပွင့်ကြယ်ကုမ္ပဏီအနေဖြင့် တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော တခါးဖွင့်ဆွေးနွေးညှိနှိုင်းမှုမျိုးကိုသာ ဖော်ဆောင်ပေးရန် ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီက တိုက်တွန်းသည်။
ဒေသခံပြည်သူလူထု၏ ဆန္ဒသဘောထားကို လေးစားလိုက်နာရန်နှင့် သက်ဆိုင်ရာဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများ အမြန်ဆုံး ပွင့်လင်းမြင်သာ မှုဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားသည်။
တောင်းဆိုချက်များကို လေးစားလိုက်နာခြင်းမရှိပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အကျိုးဆက်ကိစ္စအဝဝကို ပရာဒေါင်းဆွေမျိုးစုဗဟိုကော်မတီမှ တာဝန်ခံမည်မဟုတ်ကြောင်းလည်း ဖော်ပြသည်။
ဖယ်ခုံမြို့နယ်၊သိကျိတ်ကျေးရွာအုပ်စု၊မြင်းမထိတောင်တွင် ပတ်ဝန်းကျင်ထိခိုက်စေသည့် အကြီးစား ခဲသတ္တုတူးဖော်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဒေသခံလူထုများ၏သဘောတူညီမှုမရှိဘဲဖော်ဆောင်နေသည့် လေးပွင့်ကြယ်ကုမ္ပဏီအား ပရာဒေါင်းဆွေမျိုးစုက ဆန္ဒထုတ်ဖော်မှုအပေါ် လေးပွင့်ကြယ်ကုမ္ပဏီ၏ ဒါရိုက်တာ ဦးဒါးဝီနှင့်အဖွဲ့က မေလ ၁၆ရက် နေ့လည် ၁၂ နာရီ ၄၅မိနစ် ခန့်တွင် ပရာဒေါင်းဆွေမျိုးစုဥက္ကဌ ခွန်းအောင်နိုင်စိုး၊ဒုဥက္ကဌ ဦးဘမောင်၊လူငယ် အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင်နှင့် နာယက ဦးအားဒိုတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ရပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး အရပ်သားပြည်သူများအတွက် လုံခြုံရေးအရ ကြီးမားသောခြိမ်းခြောက်မှုကို ဖြစ်စေသည့်အပြင် လူ့ဂုဏ်သိက္ခာနှင့် ဆန်ကျင်သော လုပ်ရပ်အဖြစ် ကယန်းလူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။
ဖမ်းဆီးခံရသူများကို မည်သည့်အထိအခိုက်မျှမရှိစေဘဲ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အပြုသဘောဆောင်သည့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုကို အလေးထားလုပ် ဆောင်ရန်၊ဒေသခံလူထုများ၏ အသံနှင့်ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကိုအလေးထားဆောင်ရွက်ပေးရန်နှင့် အာဏာရှင်ဆန်သောလူ့အခွင့်အရေးနှင့် ဆန့်ကျင်သောမည်သည့်လုပ်ရပ်ကိုမျှ လက်သင့်မခံကြောင်း သဘောထားမှတ်ချက်များ ထုတ်ပြန်ထားသည်။
KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက “KNLP ဥက္ကဌကြီးအနေနဲ့ ဖမ်းထားတဲ့ လူငယ်နှစ်ဦးနဲ့နာယက၂ ဦးကို ပြန်လွတ်ပေးပြီး သေနတ်ပါဝါမပါတဲ့ ညှိနှိုင်းမှု့မျိုး အကောင်အထည်ဖော်ဆောင်ရွက်ပါဗျာ။စကစလမ်းစဉ်အတိုင်းကျင့်မယ်ဆိုရင် အခုစကစကြုံနေရတဲ့အတိုင်း လူထုရဲ့ တုံ့ပြန်မှု့ကိုရလိိမ့်မယ်ကြုံလိမ့်မယ်။လူထုရဲ့သဘောဆန္ဒကိုလူထုကိုရှေးရှု့တဲ့ ဘက်တော်သားတွေအားလုံးက ဝန်းရံကြလိမ့်မယ် အဲ့ကြရင် လူထုကိုနိုင်မယ်လို့ ထင်လို့လား”ဟု ရေးသားထားသည်။
ဆက်လက်၍လည်း “ကျနော်တို့က လူထုနဲ့အတူရပ်တည်သွားမှာဖြစ်တယ်။ဒါဟာ ကျနော်တို့ရဲ့ တာဝန်လည်းဟုတ်သလိုအာဏာရှင်မှန်သမျှကို ဆန့်ကျင်တော်လှန်သွားမည်ဆိုတဲ့ ကျနော်တို့ရဲ့ သစ္စာလည်း ဖြစ်ပါတယ်။အကြမ်းမဖက်လမ်းကိုရွေးပေးပါအကြမ်း ဖက်လမ်းကို ရွေးတဲ့ စကစ ကတော့ အခု ပြည်သူ့ကျိမ်စာ အလိမ့်လိမ့်ခံစားနေရရှာတယ်”ဟု KNDF ဒုစစ်ဦးစီးချုပ်ကရေးသားထားသည်။
သိကျိတ်ကျေးရွာ မြင်းမထိတောင်ပေါ်၌ ကယန်းပြည်သစ်ပါတီ KNLP ဥက္ကဌဦးသန်းစိုးနိုင်၏ လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီဖြစ်သော မစ္စတာဝမ်ကုမ္ပဏီတို့က အကြီးစား သတ္တုတူးဖော်နေခြင်းဖြစ်သည်။မြင်းမထိဒေသသည် ကယန်းပြည်သစ်ပါတီ KNLP၏ ထိန်းချုပ်နယ်မြေအတွင်း ရှိသည်။
ကယန်းပြည်သစ်ပါတီ -KNLP သည် စစ်တပ်နှင့်အပစ်ရပ်ထားသောအဖွဲ့ဖြစ်ပြီး စစ်တပ်နှင့်တိုက်ပွဲမဖြစ်သောအဖွဲ့ဖြစ်သည်။
