မေ-၁၀၊၂၀၂၅။ရဲခေါင်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်၊ကယန်း ဒေသ၊မြင်းမထိတောင်တွင် သတ္တုတူးဖော်မှုရပ်ဆိုင်းရေးညှိနှိုင်းမှုအဆင်မပြေကြောင်း ပရာဒေါင်းဆွေမျိုးစုကထုတ်ပြန်သည်။
မေလ ၉ ရက်တွင် ကယန်းပြည်သစ်ဗဟိုကော်မတီဝင် ၁၅ ဦးသည် မြင်းမထိတောင်ရှိရာ သိကျိတ်ကျေးရွာ၏ ငိန်းကယန်းထန်ခန်းမဆောင်တွင် ပရာဒေါင်းဆွေမျိုးစု နှင့် လေးပွင့်ကြယ်ကုမ္ပဏီကြားလာရောက်စေ့စပ်ညှိနှိုင်းခဲ့သော်လည်း မည်သည့် သဘော တူညီချက်မှ မရရှိခဲ့ဟု ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
လေးပွင့်ကြယ်ကုမ္ပဏီသည် ကယန်းပြည်သစ်ပါတီ KNLP ဥက္ကဌဦးသန်းစိုးနိုင်ပိုင်ဆိုင်ပြီး ၎င်းနှင့်ပူးပေါင်း၍ မစ္စတာဝမ်ကုမ္ပဏီ (တရုတ်ကုမ္ပဏီ) သည် သိကျိတ်ကျေးရွာ မြင်းမထိတောင်ပေါ်၌ သတ္တုတူးဖော်နေသည်။မြင်းမထိဒေသသည် ကယန်းပြည်သစ်ပါတီ KNLP ၏ထိန်းချုပ်နယ်မြေအတွင်းရှိနေခြင်းဖြစ် သည်။

Public Service Announcement
“သူတို့က ဆုံးဖြတ်ချက်လာပေးတာမဟုတ်ပဲနှစ်ဦးနှစ်ဖက်ပြေပြေလည်လည်ဖြစ်အောင် နည်းလမ်းပေးတာ အကြံပေးတာ ဆိုတာလောက်ပဲ ပြောပြီး အစည်း အဝေးပိတ်သိမ်းလိုက်ရတယ်။အစည်းအဝေးမှာကျနော်တို့ကတော့ လုံးဝ ရပ်ဆိုင်းပေးဖို့ပဲ အတိအလင်းတောင်းဆိုခဲ့ပါတယ်”ဟုပရာဒေါင်းဆွေမျိုးစုမှ လူငယ်တဦးက ညှိနှိုင်းခဲ့မှုအခြေအနေကိုရှင်းပြသည်။
ဆက်လက်၍ “ကျနော်တို့ တို့ဘက်က ဆွေမျိုးစု အကြီးအကဲတွေ ၊ လူငယ်ဗဟိုကော်မတီဝင်တွေ၊ ကျေးရွာအုပ်ချုပ်ရေး ကောင်မတီဝင်တွေ အစုံအညီတက်ရောက်လာကြပေမယ့် ကယန်းပြည်သစ်ပါတီကိုယ်စားလှယ် ၁၅ ဦးကတက်ရောက်လာပေမယ့် မည်သည့်ဆုံးဖြတ်ချက်မှ မချနိုင်တဲ့အတွက်လည်း စိတ်မကောင်းဘူး။ပြီးတော့ဝတ္တရားအရလာတက်တဲ့လေးပွင့်ကြယ်ဘက်ကကိုယ်စားလှယ်တစ်ချို့ကိစ္စအတွက်ရောပဲ”ဟု သိကျိတ်ကျေးရွာနေပြည်သူတစ်ဦးက ပြောသည်။
ထို့အတူ မြင်းမထိဒေသတွင်မည်သည့် အကြီးစားခဲသတ္တုတူးဖော်မှုများကို ခွင့်မပြုစေလိုကြောင်းနှင့် ၎င်းတို့၏တောင်းဆိုချက်အတိုင်းဆက်လက်လုပ် ဆောင်မည်ဟုလည်း အသိပေးသည်။
လေးပွင့်ကြယ်ကုမ္ပဏီသည် မြင်းမထိတောင်တွင်အကြီးစားသတ္တုတူးဖော်ခြင်းနှင့်ပတ်သက်၍ ဒေသခံပရာ ဒေါင်းဆွေမျိုးစုနှင့်ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ တရုတ် နိုင်ငံမာစတာဝမ်ကုမ္ပဏီနှင့် ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။
ထို့ကြောင့်ပရာဒေါင်းဆွေမျိုးစုက လေးပွင့်ကြယ် ကုမ္ပဏီထံ နှုတ်ဖြင့်၊စာဖြင့် အကြိမ်ကြိမ်အခါခါ ကန့်ကွက်ခဲ့ပြီးနောက် လေးပွင့်ကြယ်ကုမ္ပဏီကိုယ်စား လှယ်များနှင့် ပရာဒေါင်းဆွေမျိုးစုတို့ နှစ်ကြိမ်သာ ဆွေးနွေးခဲ့ပြီး တောင်းဆိုချက်များကို လေးပွင့်ကြယ် ကုမ္ပဏီကပွင့်လင်းမြင်သာစွာချပြနိုင်ခဲ့ခြင်းမရှိ ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပရာဒေါင်းဆွေမျိုးစုသည် လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီပူးပေါင်း၍ မြင်းမထိတောင်သတ္တုတူးဖော်မည့်ကိစ္စကိုအပြီးအပိုင်နောက်ဆုတ်ရုပ်သိမ်းပေးရန် ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့သော ကယန်းပြည်သစ်ဗဟိုကော်မတီဝင်များမှတဆင့် တရားဝင်ထပ်မံ တင်ပြတောင်းဆိုခဲ့ကြောင်းလည်း အသိပေးထားသည်။
လက်ရှိမြင်းမထိတောင်တွင်လေးပွင့်ကြယ်ကုမ္ပဏီက ဖော်ဆောင်နေသည့်လုပ်ကွက်နှင့် လုပ်ငန်းမှန်သမျှသည် ဒေသခံပရာဒေါင်းဆွေမျိုးစု၏ ခွင့်ပြုထောက်ခံမှုမရှိသဖြင့် တရားမဝင်ကြောင်း သတ်မှတ်သည်ဟုလည်း ပရာဒေါင်းဆွေမျိုးစုကကြေညာသည်။
ပရာဒေါင်းဆွေမျိုးစုဘက်ကလေးပွင့်ကြယ်ကုမ္ပဏီနှင့်ပတ်သက်သော လုပ်ငန်းများအပြီးအပိုင်မထွက်ခွာ မချင်း ပြင်းထန်သောသပိတ်လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးသည်။
လေးပွင့်ကြယ်ကုမ္ပဏီဘက်မှ မေ ၁၆ ရက်နောက်ဆုံးထား၍ ကုမ္ပဏီ တာဝန်ရှိသူမှလုပ်သား၊ လုံခြုံရေးဝန်ထမ်းအထိ့အားလုံး နှင့် စက်ယန္တရားများယူဆောင်၍ မြင်းမထိတောင်လုပ်ငန်းမှ အပြီးထွက်ခွာသွားရန်တောင်းဆိုထားသည်။သတ်မှတ်ရက်အတွင်းဆုတ်ခွာသွားခြင်းမရှိပါက ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲ ဆိုးကျိုးအားလုံးသည် လေးပွင့်ကြယ်ကုမ္ပဏီ နှင့်သာသက်ဆိုင်ကြောင်းသတိပေးထားသည်။
ပရာဒေါင်းဆွေမျိုးစုသည် ကယန်းလူမျိုး၊ ကဲဒေါ့မျိုးနွယ်စု၏ ဆွေမျိုးစု တစ်ခု ဖြစ်ပြီး သိကျိတ်ကျေးရွာ မြင်းမထိဒေသတွင် ပရာဒေါင်းဆွေမျိုးစုရှိသည်။
မြင်းမထိတောင်တွင် အကြီးစားသတ္တုတူးဖော်မှုကြောင့် အိမ်ခြေ ၃၀ ကျော်ရှိသည့် စခန်းကြီးရွာဟောင်း ဒေသခံများ ရွာလုံးကျွတ် ရွေ့ပြောင်းခြင်း၊အိမ်ခြေ ၆၀ ကျော်ရှိသည့် စခန်းကြီးရွာသစ်၊ အိမ်ခြေ ၃၀ ခန့်ရှိသည့် ကုန်းဆုံကျေးရွာ နှင့် အိမ်ခြေ ၄၀၀ ခန့်ရှိသော သိကျိတ်ကျေးရွာတို့ကိုလည်း ဘေးဥပါဒ် ဖြစ်စေနိုင်ကြောင်း ပရာဒေါင်း ဆွေမျိုးစုက ကနဦး ထုတ်ဖော်ပြောဆိုထားသည်။
(မြင်းမထိတာင်မှ သတ္ထုတူးဖော်မှုထွက်ခွာသွားရန်ဒေသခံများက မေလ ၁၀ ရက်တွင်ဆန္ဒပြစဥ်။ဓါတ်ပုံ-ပရာဒေါင်းဆွေမျိုးစု)
