မေ ၁၉၊၂၀၂၅။ရဲခေါင်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများဖမ်းဆီးရိုက်နှက်ခြင်း၊ လစဥ် ဆက်ကြေးကောက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုများလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်က အင်အား ၁၀၀ကျော်ရှိပြီး လက်ရှိတွင် ရွာစဥ်လှည့်ကာ အင်အား ၃၀ဝန်းကျင်ဖြင့် တပ်စွဲနေသည်ဟု ဆိုသည်။
” သူတို့တပ်စွဲတဲ့ရွာနဲ့အနီးနားက ရွာတွေကပြည်သူတွေကို ရိုက်နှက်တာတွေ သူတို့ခိုင်းတာတွေမလုပ်ပေးတာတွေ ၊ လုပ်ပေးပြန်တော့လည်း သူတို့ စိတ်တိုင်းမကျလို့ဆိုပြီး ရွာတွင်းတပ်စွဲထားတဲ့နေရာကနေ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ထည့်တာတွေလုပ်လျက်ရှိပါတယ်”ဟု ရွာငံမြို့တွင် နေထိုင်သူတစ်ဦးက စစ်ကောင်စီတပ်၏ နှိပ်စက်မှုများအပေါ် ရှင်းပြသည်။

Public Service Announcement
ထို့အပြင် ရွာငံမြို့အထက်ဘက်ရှိ နွားဘန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်များရောက်ရှိနေပြီး လစဥ် တစ်အိမ်ကျပ်တစ်သောင်း ပေးဆောင်နေရကာ ပြည်သူများ၏ ကားများကိုလည်း အဓမ္မအသုံးပြုမှုများရှိနေကြောင်း အသိပေးသည်။
“စခတွေက ရွာထဲမှာတပ်စွဲထားပြီး သူတို့လိုအပ်တာတွေကို ပြည်သူတွေက ဖြည့်ဆည်းပေးရပါတယ်။အခုလည်း နယ်ပြောင်းသွားတဲ့ စစ်ကြောင်းမှူးက ကောက်ထားတဲ့ငွေ သိန်း ၈၀ကို အကုန်ယူသွားလို့ ပိုက်ဆံပြန်ထည့်ရမယ်ဆိုပြီး ဖိအားပေးတာတွေရှိနေတယ်”ဟု ဓနုအမျိုးသားတစ်ဦးက ပြောသည်။
ရွာငံမြို့နယ်သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်သတ်မှတ်ခံထားရသော်လည်း စစ်ကောင်စီတပ်ကသာ စိတ်ကြိုက်ချယ်လှယ်နေခြင်းဖြစ်ပြီး ဒေသဥက္ကဌအပါအဝင် တာဝန်ရှိသူများကိုလည်း စစ်ကောင်စီက ရွေးချယ်ခန့်ထားခြင်းဟု ၎င်းက ဆက်ပြောသည်။
ရွာငံမြို့အနီးရှိ မျှားကလေး၊ အင်တော၊ လယ်ကိုင်း၊ ဂွေးပင်နှင့်တောင်ဦးကျေးရွာတို့တွင်လည်း စစ်ကောင်စီတပ်က တစ်အိမ်လျှင် ကျပ်နှစ်သောင်းလစဥ်ဆက်ကြေးကောက်ယူနေကြောင်းလည်း ဒေသခံသတင်းရင်းမြစ်က ဆိုသည်။
ထို့အပြင် ၎င်းတို့စစ်ကြောင်းဝင်ရောက်ရာ ကျေးရွာများမှ နေအိမ်များ ဝင်ရောက်မွှေနှောက်ပြီး ငွေများခိုးယူခြင်း၊ရွာသူ၊ရွာသားများကိုလည်း ကြိုးတုတ်ရိုက်နှက် ညှင်းပန်းမှုများစွာရှိနေကြောင်း သိရသည်။
“တပ်မ(၅၅)လက်အောက်ခံနဲ့ ပျူစောထီးတွေ။ဟိုရွာရောက်လိုက်၊ ဒီရွာရာက်လိုက်နဲ့။ကျန်တာတွေက အငြိမ်မရှိဘူး”ဟု ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)တာဝန်ရှိသူက ရွာငံမြို့တွင် စစ်ကောင်စီ စစ်ကြောင်းအခြေအနေကို ပြောသည်။
ရွာငံမြို့နယ်တွင် တိုက်ပွဲပြင်းထန်မှုမရှိသော်လည်း စစ်ကောင်စီထောက်တိုင်များနှင့် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခံရမှုအချို့ရှိသည်။
ရွာငံမြို့နယ်၏အနောက်ဘက်ခြမ်းတွင် မိတ္ထီလာခရိုင် ၊မြောက်ဘက်တွင် ကျောက်ဆည်ခရိုင်၊တောင်ဘက်ခြမ်းတွင် ပင်းတယနှင့် အရှေ့ဘက်ခြမ်း၌ ရပ်စောက်မြို့နယ်တို့ ရှိသည်။
ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်နှင့် ဓနုလွတ်မြောက်ရေးတပ်ဦး(DPLF)တို့ တိုက်ပွဲဖြစ်နေပြီး ပြီးခဲ့သည့် ဧပြီ ၂၁ရက်က စစ်ကောင်စီတပ်သားသုံးဦးကို DPLFက ဖမ်းမိခဲ့သည်။
