မေ-၁၆၊ ၂၀၂၅။ People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ စစ်ကောင်စီရဲ့ ထွေအုပ်ရုံးက လက်နက်ကြီးနဲ့ မြို့အစွန်ရပ်ကွက်တွေကို ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၅ဦး သေဆုံးပြီး ၄ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ BLDF အညာမိုင်းတပ်ခွဲက ပြောပါတယ်။
မေလ ၁၅ရက် ညပိုင်းက ချောင်းဦးမြို့နယ်ထွေအုပ်ရုံးထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ငါးလုံးတင်ရပ်ကွက်မှာ နေအိမ် ၁၁လုံး မီးလောင်ပြာကျခဲ့ပြီး လူ ၃ဦးဟာ မီးလောင်တဲ့အထဲပါသွားကာ အရိုးစုတချို့သာ ပြန်ရခဲ့ တယ်လို့ BLDF အညာမိုင်းတပ်ခွဲ တာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် နောက်ထပ်ပြည်သူ ၁ဦးလည်း ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး နောက်ထပ်ဒဏ်ရာရပြည်သူ ၁ဦးရဲ့ အခြေအနေကိုတော့ မသိရဘူးလို့ဆိုပါတယ်။

Public Service Announcement
စစ်ကောင်စီဟာ မနေ့ညကနေ ဒီနေ့ နေ့လည် ၁၂နာရီအထိ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး လယ်ခင်းရပ်ကွက်အတွင်း ကျကာ အသက် ၁၂နှစ်အရွယ် မိန်းကလေးငယ် ၁ဦး ဦးခေါင်းပွင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အသက် ၆၀အရွယ် အမျိုးသား ၁ဦး၊ ၁၅နှစ်အရွယ် ယောကျာ်းလေး ၁ဦး၊ ၁နှစ်အရွယ် ကလေးငယ် ယောကျာ်းလေး ၁ဦးတို့ ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
“၆၀အရွယ်အမျိုးသားနဲ့ ၁၅နှစ်ကောင်လေးကဒဏ်ရာ တော်တော် လေးစိုးရိမ်ရတယ်။ မြို့အစွန် ရပ်ကွက်တွေကို အကုန်လိုက်ပစ်နေတာ။ နေ့ခင်း ၁၂နာရီကျော်တော့ ခဏနားသွားတယ်”လို့ BLDFတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ချောင်းဦးမြို့နယ်ကို စစ်တပ်က လေကြောင်း၊ စက်တပ် လေထီး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး မေလအတွင်း ပြည်သူ ၁၀ဦး သေဆုံးထားပါတယ်။
















































