ကလေးငယ်တွေကို ထိခိုက်ကျူးလွန်တဲ့ အမှုတွေကို ဦးစားပေး စုံစမ်းစစ်ဆေးနေကြောင်း အသိပေး
မေ-၁၅၊ ၂၀၂၅။ အီယိုရီ/People’s Spring
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ဟာ ကလေးငယ်တွေကို ထိခိုက်ကျူးလွန်တဲ့ အမှုတွေကို ဦးစားပေး စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်လိုက်ပြီး စာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်မှုနဲ့ဆက်စပ်တဲ့ အချက်အလက်တွေကို တောင်းခံလိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၆နှစ်၊ ၇ နှစ်အရွယ် ကျောင်းသားကလေးငယ်တွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။

Public Service Announcement
အဲဒီ လေကြောင်းတိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူတွေအနေနဲ့ ကုလယန္တရားကို ဆက်သွယ်ကာ အထောက်အထားတွေ မျှဝေဖို့ တောင်းဆိုလိုက်တာပါ။
ကလေးငယ်တွေကို တိုက်ခိုက်ခြင်းဟာ အလွန်ထိတ်လန့်စက်ဆုတ်ဖွယ်ကောင်းတယ်လို့ IIMM က ဆိုပါတယ်။
IIMM ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းတာဝန်ပေးထားတာပါ။ IIMM ဟာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှုအပါအဝင် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ လူမဆန်တဲ့ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)နဲ့ Universal Jurisdiction ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို လက်ခံကျင့်သုံးတဲ့ နိုင်ငံတွေက တရားရုံးတွေအတွက် သက်သေအချက်အလက် စုဆောင်းနေတာဖြစ်ပါတယ်။
အိုးတိန်တွင်းရွာ ဗုံးကြဲတိုက်ခိုက်မှုဟာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအနက် တစ်ခုဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ကြေညာထားတဲ့ ကာလမှာ တိုက်ခိုက်ခြင်းလည်း ဖြစ်တယ်လို့ IIMM က ထုတ်ပြန်ပါတယ်။
အရပ်သားတွေကို မခွဲခြားဘဲ လေကြောင်းမှ တိုက်ခိုက်ခြင်းဟာ စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်ကိုကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တယ်လို့လည်း IIMM က ဆိုပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က စာသင်ကျောင်းများစွာကို တိုက်ခိုက်ခဲ့ရာ ကလေးများ သေဆုံးပြီး ဒဏ်ရာရခဲ့ကြတယ်လို့ IIMM က ထုတ်ပြန်ပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာမှာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ ချင်းပြည်နယ် မတူပီမြို့နယ်၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်၊ ၂၀၂၄ စက်တင်ဘာမှာ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ ရခိုင်ပြည်နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်တွေ သေဆုံးခဲ့တယ်လို့ IIMM က ဖော်ပြပါတယ်။
အိုးတိန်တွင်းလေကြောင်းတိုက်ခိုက်ခံရခြင်း အပါအဝင် အခြားလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်တဲ့ အချက်အလက်များကို စုဆောင်းနေတယ်လို့ IIMM က အသိပေးပါတယ်။
ဒဏ်ရာရရှိမှု၊ အပျက်အစီးများ၊ ပေါက်ကွဲမှုများရဲ့ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုများ၊ ထိခိုက်သူတွေရဲ့ အချက်အလက်များ၊ လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဥ်နဲ့ လက်နက်အမျိုးအစားများ၊ လေယာဥ်မှူးနဲ့ အမိန့်ပေးရာမှာ ပါဝင်သူတွေရဲ့ အချက်အလက်များ စုဆောင်းနေတယ်လို့ ဆိုပါတယ်။
အဲဒီအချက်အလက်တွေရှိပါက IIMM ရဲ့ Signal နံပါတ် +41 76 691 12 08 သို့ ဆက်သွယ်ဖို့ တောင်းဆိုထားပါတယ်။ ပေးပို့လိုသူရဲ့ လုံခြုံရေးက အရေးကြီးတာကြောင့် ဘေးကင်းလုံခြုံတဲ့ အချိန်မှသာ ဆက်သွယ်ပေးဖို့လည်း IIMM က အသိပေးထားပါတယ်။
