မေ-၁၅၊၂၀၂၅။ထင်လင်း၊ရှိန်း/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်း (၅)နေရာထက်မနည်းကို ယနေ့(မေလ ၁၅ ရက်)နံနက်ပိုင်းမှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်များက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်း ရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
မြင်းခြံမြို့နယ်တွင် ဆီမီးခုံ၊ကျောက်ပြုတ်၊ နွားထိုးကြီးမြို့နယ်တွင် ဝက်လူး၊ တရုတ်-မြန်မာဓါတ်ငွေ့ပပိုက်လိုင်းအစောင့်ဂိတ်စခန်း နှင့် နွားထိုးကြီးမြို့ပေါ် နှင့် တောင်သားမြို့နယ်တွင် ထနှောင်းကုန်းစသည့်နေရာများပါဝင်ပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်၍ ခုခံခဲ့ကြောင်း တော်လှန် ရေးသတင်းရင်းမြစ်များက ပြောသည်။
“ကျောက်ပြုတ်တိုက်ပွဲတခုပဲ လေကြောင်း လွတ်မယ်ထင်တယ်။ ဝက်လူးရော၊တရုတ်ဂက်စ်ပိုက်လိုင်းဘက်မှာရော လေကြောင်း အတော်လေးကြဲတယ်”ဟု ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
မြင်းခြံမြို့နယ် ဆီမီးခုံမြို့ရှိ စစ်ကောင်စီအထိုင်စခန်းအားမေလ ၁၅ ရက်နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်မှ လေယာဥ်ဖြင့်လာရောက်ဗုံးကြဲ၍ ပစ်ကူပေးခဲ့ပြီး ဗုံးဆံထိမှန်၍ PDF ငါးဦးကျဆုံးခဲ့ပြီး သေနတ်ကျည်ထိမှန်သည့်ရဲဘော်တစ်ဦးအပါအဝင် စုစုပေါင်းရဲဘော်ခြောက်ဦးကျဆုံးကြောင်း ၎င်းက ဆက်ပြောသည်။
အထက်ပါ တိုက်ခိုက်မှုများအနက် ရဲဘော်ခြောက်ဦးကျဆုံးခြင်းနှင့်စပ်လျဥ်းပြီး မြင်းခြံခရိုင် တပ်
ရင်း (၇) မှ Zero ကိုသက်ကြီးက ၎င်း ၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ရဲဘော်အချို့မှ စစ်ကောင်စီတပ်စခန်းအား ဝင်ရောက်စီးနင်းတိုက်
ခိုက်နေချိန် နောက်မှကာပစ်ပေးနေသော ရဲဘော်များရှိနေသည့်နေရာသို့ ပေါင် ၅၀၀ ဗုံးကျရောက်
ပေါက်ကွဲခဲ့ခြင်းဟုရေးသားထားသည်။
နှစ်ဘက်ရင်ဆိုင်တိုက်ပွဲများတွင် စစ်တပ်မှလည်း ထိခိုက်သေဆုံးမှုများရှိကာ အထိနာနေပြီး နွားထိုးကြီးမြို့နယ်ရှိ တရုတ်-မြန်မာဓါတ်ငွေ့ပိုက်လိုင်းအစောင့်ဂိတ်စခန်းတိုက်ခိုက်မှုတွင် လက်နက်ခဲယမ်းအချို့ရရှိထားသည်ဟု ကနဦးသိရပြီး တိုက်ပွဲအခြေအနေအပြည့်အစုံကို မသိရသေးပေ။
ဒေသခံစစ်ရေးရင်းမြစ်တဦးက “တိုက်ပွဲနဲ့ပတ်သက်လို့ကတော့ သက်ဆိုင်ရာအဖွဲ့တွေကထုတ်ပြန်ပါလိမ့်မယ်။သေချာတာက တိုက်တဲ့ရဲစခန်းဘက်ကလည်း တော်တော်အထိနာတယ်။လေယာဉ်နဲ့ ပစ်ကူပြီး ပျူနဲ့ စစ်အင်အားတွေ ထပ်ရောက်လာလို့ ပြန်ပေးလိုက်ရတာ”ဟုပြောသည်။
မြင်းခြံခရိုင်အတွင်း စစ်ရေးဖော်ဆောင်နေခြင်းနှင့်စပ်လျဥ်းပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ မြင်းခြံခရိုင် တပ်ရင်း (၁)မှ တပ်ရင်းမှူးထံဆက်သွယ်မေးမြန်းရာ “ဖြေပေးလို့ မရသေးပါဘူးဗျ။ အသေးစိပ်အခြေအနေက ထုတ်ပြန်မှပဲ ဖြေပေးပါ့မယ်”ဟု လူထုနွေဦးသို့ အကြောင်းပြန်ကြားခဲ့သည်။
စစ်ကောင်စီတပ်မှ မနက်၇နာရီခန့်မှစ၍ ညနေ
၅နာရီ ခန့်အထိ လေကြောင်းတိုက်ခိုက် ပစ်ကူပေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ မေလ ၁၅ ရက်ည ၉ နာရီခန့်အထိ ရရှိထားသော တိုက်ပွဲအခြေအနေများအရ တိုက်ပွဲဆက်ဖြစ်နေဆဲ နေရာများရှိသလို စစ်ဆိုင်ထားဆဲနေရာများလည်းရှိကြောင်းစုံစမ်းသိရသည်။
