မေ – ၉၊ ၂၀၂၅
အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။
မတ်လ ၂၈ ရက်နေ့တုန်းက မြန်မာနိုင်ငံ အလယ်ပိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးကို ဗဟိုပြု လှုပ်ခတ်သွားခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီးကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့ပြီး ၅၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အရေးပေါ် အခြေအနေဆိုးကြီး ကြုံလာတဲ့ အချိန်မှာ ၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းပြီးချိန် ကတည်းက ယိုယွင်း စိုက်ဆင်းလာနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်နဲ့ အခြေခံ အဆောက်အအုံတွေဟာ သဘာဝဘေးဆိုးကြီးကို ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်း မရှိတော့ဘဲ ဖြစ်သွားကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
မြန်မာနိုင်ငံမှာ အရင်က လူ ၁၀၀၀၀ အတွက် ဆရာဝန်နဲ့ သူနာပြု အရေအတွက်ဟာ ပျမ်းမျှ ၁၅ ဦး ရှိခဲ့ရာက စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီရဲ့ ဖြိုခွင်းမှုတွေကြောင့် တစ်နှစ်အကြာ ၂၀၂၂ လောက်မှာတော့ လူ ၁၀၀၀၀ အတွက် ကျန်းမာရေး ဝန်ထမ်း ၃ ဦးလောက်သာ ရှိတော့တဲ့ အနေအထားဆီ ရောက်သွားကြောင်း သိရပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပူးပေါင်းခဲ့သူ ကျန်းမာရေး ဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ အငြှိုးတကြီး ဖိနှိပ်မှုကို ခံခဲ့ရပြီး ဖမ်းဆီး အကျဉ်းချတာ၊ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ ကြုံတွေ့ခဲ့ရပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)နဲ့ လူ့အခွင့်အရေးဆိုင်ရာ အထွေထွေ ရောဂါကု ဆရာဝန်များအဖွဲ့ (PHR)တို့ရဲ့ ပူးတွဲ ထုတ်ပြန်ချက် တစ်ခုမှာတော့ ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ ကျန်းမာရေး ဝန်တွေကို ဖမ်းဆီးတာတွေမျိုး စစ်ကောင်စီရဲ့ လုပ်ရပ်တွေ၊ ဆေးဝါးပစ္စည်း ရှားပါးတာ၊ ဝန်ထမ်းအင်အား နည်းပါးတာတွေက ငလျင်နောက်ဆက်တွဲ အရေးပေါ် ကုသမှု၊ တုံ့ပြန်မှုတွေကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒဏ်ရာရထားတဲ့ လူနာတွေဟာ အခြေခံ အကျဆုံး ဆေးပစ္စည်းတွေတောင် မရှိတဲ့အတွက် အနာရင်းပြီး ဒုက္ခများရတာမျိုးတွေပါ ကြုံတွေ့ခဲ့တယ်လို့ ဆရာဝန် တချို့က Reutersကို အသိပေးခဲ့ပါတယ်။
စစ်ကောင်စီဟာ ငလျင်ကြီး အပြီးမှာ လူသားချင်း စာနာမှု လုပ်ငန်းတွေကို အာရုံစိုက်ဖို့ အပစ်ရပ်မယ်လို့ ကြေညာခဲ့ပြီး လက်တွေ့မှာ အရပ်သား ဧရိယာတွေကိုပါ ဆက်လက် ဗုံးကြဲနေခြင်းကလည်း ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေကို ခြိမ်းခြောက် နှောင့်ယှက်ခဲ့တယ်လို့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဝေဖန်ခဲ့ပါတယ်။
စစ်တပ် အာဏာမသိမ်းခင်က မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍဟာ တိုးတက်မှု အလားအလာကောင်းတွေဆီ ဦးတည်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ အရာရာ ကပြောင်းကပြန် စိုက်ဆင်းကုန်တာ ဖြစ်ပါတယ်။
သဘာဝ ဘေးဆိုးတွေ မတိုင်ခင် မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းကို ကြုံတွေ့ခဲ့ရတုန်းကလည်း စစ်ကောင်စီက ကျန်းမာရေး ဝန်ထမ်းတွေကို ရန်လို တိုက်ခိုက်တာ၊ ဆေးဝါးတွေနဲ့ အောက်စီဂျင်အိုးတွေကို သိမ်းယူတာ၊ စစ်ကောင်စီ ဖိနှိပ်မှုကြောင့် ဆေးရုံတွေ ထိထိရောက်ရောက် လည်ပတ်နိုင်စွမ်း ကင်းမဲ့တာတွေကြောင့် မဆုံးရှုံးသင့်တဲ့ လူ့အသက်တွေ အများအပြားကို လက်လွှတ်ခဲ့ရပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ မြန်မာဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ သူရှရာ ဖာနန်ဒိုက မြန်မာနိုင်ငံမှာ လတ်တလော ကြုံတွေ့နေတဲ့ ဆေးဝါးနဲ့ ကျန်းမာရေး အထောက်အပံ့ပစ္စည်း ပြတ်လပ်မှုတွေဟာ အရမ်း စိုးရိမ်ရတဲ့ အဆင့်မျိုးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်က တချို့ဆေးရုံတွေမှာ ဆရာဝန် တစ်ယောက်မှ မရှိတော့ဘူးဆိုတဲ့ အခြေအနေကို ဝန်ခံခဲ့ဖူးပါတယ်။
CDM ကျန်းမာရေး ဝန်ထမ်းတွေကို အလုပ်ခန့်ထားကြောင်း စွပ်စွဲပြီး ပုဂ္ဂလိက ဆေးရုံတွေကို အတင်းအကျပ် ပိတ်ခိုင်းတာတွေလည်း စစ်ကောင်စီက လုပ်ဆောင်ခဲ့ပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ငလျင်မတိုင်ခင်မှာတင် စစ်ကောင်စီ ဖိအားပေးလို့ မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၈ ခုထက်မနည်း ပိတ်ခဲ့ရကြောင်း ပြောပါတယ်။
WHOရဲ့ အဆိုအရ ငလျင်ကြောင့် ဆေးရုံနဲ့ ကျန်းမာရေးဌာန အဆောက်အအုံ ၆၀ ကျော်ပါ ပျက်စီးသွားကြောင်း သိရပြီး အခြေအနေတွေကို ပိုပြီး ဆိုးသထက် ဆိုးစေခဲ့ပါတယ်။
ဒါတင်မကသေးဘဲ တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေမှာ ထောက်ပံ့ရေး ပစ္စည်းတွေ သယ်ယူပို့ဆောင်မှုကို စစ်ကောင်စီက ပိတ်ဆို့တာ၊ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာတွေကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။
နောက်ပြီး လူမှုဝန်ထမ်း အဖွဲ့အစည်းတွေကို မှတ်ပုံတင်ရမယ်လို့ စစ်ကောင်စီက ဖိအားပေးထားတာကြောင့် အဲဒီလို အဖွဲ့အများအပြားဟာ တရားမဝင်သဘော လှုပ်ရှားနေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)က ပြောပါတယ်။
နောက်ပြီး စစ်ကောင်စီ ကိုယ်တိုင်က ငလျင်ဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် တပ်ဖွဲ့ဝင်တွေ၊ အထောက်အပံ့ ပစ္စည်းတွေ ဖြန့်ကျက်ပေးတာ၊ ဖြန့်ဝေပေးတာမျိုး ဘာမှ မလုပ်ခဲ့ပါဘူး။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ လက်ထက်တုန်းက ခွဲတမ်း သတ်မှတ်ထားခဲ့တဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး ရန်ပုံငွေတွေကိုလည်း ၂၀၂၂ မှာ စစ်ကောင်စီက နိုင်ငံ စီးပွားရေး တိုးတက်မှု ကဏ္ဍအတွက် ခွဲဝေသုံးစွဲမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆီးသီးဗန်း မှောက်ချခဲ့တာကြောင့် သေရေးရှင်ရေး ကြုံလာချိန်မှာ ဘာရန်ပုံငွေမှ မရှိတော့ဘဲ မင်းအောင်လှိုင်ဟာ နိုင်ငံတကာ အကူအညီတွေ ပေးပို့ကြဖို့ ပြာပြာသလဲ တောင်းဆိုခဲ့ပါတယ်။
အခုဆိုရင် မိုးရာသီကို ချဉ်းနင်း ဝင်ရောက်လာပြီဖြစ်ပြီး ငလျင်ဘေးသင့် ဒေသ အများအပြားဟာ အဲဒီအတွက် အသင့်မဖြစ်သေးလို နာလန်လည်း မထူနိုင်သေးပါဘူး။ WHOကတော့ ရာသီဥတုကြောင့် ငလျင်ဘေးသင့် ပြည်သူတွေဟာ ဝမ်းရောဂါနဲ့ တခြား ကူးစက်ရောဂါတွေ ဖိစီးမှုကိုပါ ကြုံတွေ့လာမှာကို စိုးရိမ်ရကြောင်း သတိပေးထားပါတယ်။
ကိုးကား – Reuters ၊ ဓာတ်ပုံ – Reuters
