ဧပြီ၂၆၊ ၂၀၂၅။ ကျော်ဇော/People’s Spring
မကွေးတိုင်း၊ ကံမမြို့နယ်၊ ရေနံ့သာကျေးရွာရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းအား ဝင်ရောက်စီးနင်းခဲ့ရာ ရဲတပ်ကြပ်တစ်ဦးအရှင် ဖမ်းမိသည့်အပြင် လက်နက်ခဲယမ်းအချို့၊ လှည့်ကင်းယာဥ်အပါအဝင် ကားနှစ်စီးနှင့် ဆိုင်ကယ်လေးစီးသိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ သရက်ခရိုင် တပ်ရင်း(၄)မှ ပြန် ကြားရေးတာဝန်ခံ ကိုမြတ်က လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့(ဧပြီ ၂၅)နံနက် ၄ နာရီဝန်းကျင်က ရေနံ့သာတိုက်နယ် ရဲကင်းစခန်းကို သရက်ခရိုင် တပ်ရင်း(၄)မှ ရဲဘော်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းအပါအဝင် ရဲစခန်းဝန်းအတွင်းရှိ လိုင်းခန်းအဆောက်အအုံများ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အသေအပျောက်ကတော့ မရှိနိုင်ဘူး ခင်ဗျ။ ကျနော်တို့ စတင်တိုက်ခိုက်တဲ့အချိန်မှာ တိုက်ပွဲချိန် ၅ မိနစ်၊ ၁၀ မိနစ်လောက်ပဲရှိဦးမယ်။ ကျနော်တို့ဘက်က လက်နက်ချဖို့ စည်းရုံးတာရှိတယ်။ သူတို့ဘက်ကလည်း လက်နက်ချမယ်ဆိုပြီးတော့ ပြောလာတဲ့အချိန်မှာ ကျနော်တို့ဘက်က အပစ်ရပ်ပေးလိုက်တယ်။ အဲဒီအချိန်မှာ စခန်းမှူးအပါ ရဲ ၁၆ဦးက သူတို့ရဲ့လက်နက်ခဲယမ်းတွေယူ ခုခံထွက်ပြေးသွားကြတယ်”ဟု ရေနံ့သာရဲစခန်း စီးနင်းမှုအခြေအနေကို ကိုမြတ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
စီးနင်းတိုက်ခိုက်ခဲ့သည့် ရေနံ့သာရဲကင်းစခန်း၏ နောက်ကြောဘက်တွင် မင်းတုန်းချောင်းတည်ရှိရာ ချောင်းစပ်ကိုင်းတောကိုအကာအကွယ်ယူ၍ စခန်းမှူးနှင့် ရဲတပ်သား ၁၆ ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ပြီး ယင်းကြောင့် စခန်းအဆောက်အအုံ ဝင်စီးကာ ရှင်းလင်းရေးလုပ် ဆောင်နိုင်ခဲ့ကြောင်း ကိုမြတ်က ဆက်ပြောသည်။
စခန်းအတွင်း ရှင်းလင်းရေးလုပ်ဆောင်ရာတွင် ကျည်မျိုးစုံ တစ်ထောင်ကျော်၊ လက်နက်ကြီးလေးလုံး၊ G3 အမျိုးအစားသေနတ်တစ်လက်၊ စခန်းမှူးစီးသည့် မတ်တူးကားတစ်စီး၊ လှည့်ကင်းသုံးဟိုင်းလတ်ကားတစ်စီးနှင့် ဆိုင်ကယ်လေးစီးကို သိမ်းဆည်းရရှိခဲ့ကြောင်း သရက်ခရိုင် တပ်ရင်း(၄)က အသိပေးသည်။
ထို့နောက် ရဲစခန်းနှင့် ရဲလိုင်းခန်းအဆောက်အအုံများကို မီးရှို့ရှင်းလင်းကာ အရှင်ဖမ်းမိခဲ့သော ရဲတပ်ကြပ်တစ်ဦးအား သုံ့ပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်၍ တော်လှန်ရေးရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း တပ်ရင်း(၄)ထံမှ သိရသည်။
အထက်ပါ ရဲစခန်းတိုက်ခိုက် မီးရှို့ခံရမှုအပြီးတွင် ရေနံ့သာကျေးရွာအခြေစိုက် လူမှုကူညီရေးအသင်းမှ ဦးဆောင်သူတစ်ဦးအား မေးမြန်းစစ်ဆေးရန်ရှိသည်ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး အသင်းအားဖျက်သိမ်းကြောင်းနှင့် အသင်းပိုင်ယာဥ်များကိုလည်း သိမ်းဆည်းသွားကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။
တိုက်ခိုက်မီးရှို့ခံခဲ့ရသော စစ်ကောင်စီလက်အောက်ခံ ရေနံ့သာရဲကင်းစခန်းကို သရက်ခရိုင် တပ် ရင်း(၄)က ၂၀၂၂ ခုနှစ်တွင် လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခြင်း၊ ၂၀၂၃တွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။
“ကျနော်တို့အနေနဲ့ ဒီတော်လှန်ရေးမှာ စစ်အနိုင်တိုက်ရေးကို အရင်ထက်ပိုပြီးကြိုစားလုပ်ဆောင်နေသလို ပြည်သူတွေအနေနဲ့လည်း စစ်ရေး၊ နိုင်ငံ ရေးသတင်းတွေအမြဲနားစွင့်ပြီး တော်လှန်ရေးမှာ အခုထက်ပိုပြီး ပူးပေါင်းပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်”ဟု သရက်ခရိုင် တပ်ရင်း(၄)မှ ရဲဘော်ကိုမြတ်က ပြည်သူထံ သတင်းစကားပါးသည်။
လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်က ရေနံ့သာတိုက်နယ်အတွက် ချပေးထားသော မီးသတ်ကားများကို ကံမမြို့ပေါ်သို့ ပြောင်းရွှေ့သယ်ဆောင်သွားပြီး မြို့နယ်အတွင်း လုံခြုံရေးတင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။
