ဧပြီ၂၆၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခံရသူခြောက်ဦး လက်နက်ငါးလက်နှင့် ကျည်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို DMO Local PDF က ယနေ့(ဧပြီ ၂၆ ရက်) ထုတ်ပြန်သည်။
အလင်းဝင်လာသူခြောက်ဦးသည် ဧပြီ၁၆ ရက်က MA 1 သေနတ် ငါးလက်၊MA 1 ကျည် ၄၅၅ တောင့် ကျည်ဘောက် ၁၆ ခု၊လက်ပစ်ဗုံး လေးလုံး၊၁၄ နင်းမိုင်း သုံးလုံး၊ကျည်ကာ လေးထည်၊အိုင်ကွန်တစ်လုံးနှင့် ဖုန်းခုနစ်လုံး ယူဆောင်လာသည်ဟု ဆိုသည်။
၎င်းတို့၏ ထွက်ဆိုချက်အရ စစ်ကောင်စီတပ်တွင်း၌ မူးယစ်ဆေးဝါး WY ကို စိတ်တိုင်းကျသုံးစွဲရောင်းဝယ်ခွင့်ပေးကာ အနိုင်ကျင့်ညှင်းပန်းနှိပ်စက်ခြင်း မကြာခဏခံရသည်ဟု ဖော်ပြသည်။

Public Service Announcement
အလင်းဝင်လာသူ ခြောက်ဦးကို ကနဦးထောက်ပံ့ငွေ ကျပ်၆၅ သိန်းပေးထားပြီး မိသားစုဝင်များနှင့်ဆက်သွယ်နိုင်ရန် ကူညီပေးထားကာ ကောင်းမွန်စွာထိန်း သိမ်းစောင့်ရှောက်ပေးထားကြောင်းလည်း အသိပေးသည်။
အလင်းဝင်လာသူများ၏ တပ်ရင်းနှင့် အမည်အချက်အလက်အသေးစိတ်ကို ဒီးမော့ဆို PDFက လုံခြုံရေးအရ မဖော်ပြပေ။
“အလင်းဝင်လာသူနဲ့ မိသားစုရဲ့ လုံခြုံ ရေးအတွက် သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ထိန်းသိမ်းထားပါတယ်”ဟု ဒီးမော့ဆို PDFတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ကရင်နီပြည်နယ် ထိုးစစ်အတွင်း စစ်ကောင်စီတပ်သည် ၎င်းတို့အဓမ္မစစ်မှုထမ်းဖြင့် စုဆောင်းခေါ်ဆောင်သူများကို အဓိကအသုံးချနေ၍ စစ်မှုထမ်းတပ်သားသစ်များသည် တော်လှန်ရေးတပ်ဖွဲ့များထံအလင်းဝင်လာသူများ ခပ်စိပ်စိပ်ရှိလာသည်။
ထို့အပြင် ယခုရက်သတ္တပတ်အတွင်း စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီတပ်တွင်းရောက်ရှိသူ လေးဦးလည်း အလင်းဝင်ထားကြောင်း Loikaw Local PDF နှင့် KNDF က ထုတ်ပြန်ထားသည်။
