မတ် ၂၄၊ ၂၀၂၅။ ရဲခေါင်/People’s Spring
မကွေးတိုင်း၊ စလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရက်စက်စွာသတ်ဖြတ်ခံရသည့် ပြည်သူလေးဦး၏ရုပ်အလောင်းတွေ့ရှိကြောင်း စလင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ယနေ့(မတ်လ ၂၄ ရက်)နံနက် ၁၁နာရီခန့်က စလင်းမြို့နယ်၊ ငါးသန်ခေါင်းအုပ်စု၊ ဂွေးကုန်းရွာ၊ ရွှေစံရာဘုရားကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဟု ဆို သည်။
“၁၀ နာရီ ၅၀လောက်မှာတိုက်ခိုက်ခံရတာပါ။ (၇၆)နှစ်အရွယ် ဦးဇင်းကြီးတစ်ပါးပျံလွန်တော်မူပါတယ်။တိုက်ပွဲလည်း မရှိပါဘူး”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
ထို့အပြင် မတ်လ ၇ ရက်မှ ၁၆ရက်အထိ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း – တညောင်လမ်းပိုင်းကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုဖြစ်စဉ်အတွင်း ကျပင်းကျေးရွာအုပ်စု ကျပင်းမြောက်ရွာမှ အရပ်သားလေးဦးကို ရက်စက်စွာသတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း အသိပေးသည်။
“အသက်၄၀ အရွယ်တဦးနဲ့ ၅၀ခန့် နှစ်ဦး ၆၀ ကျော်တစ်ဦးပါ။အမည်တွေကတော့ မိသားစုတွေ လုံခြုံရေးအတွက် မပြောသင့်ဘူးလို့ ယူဆပါတယ်။တစ်ဦးက လေဖြန်းထားသူလို့ သိရပါတယ်မိသားစုကခေါ်ပေမယ့် မလိုက်ဘဲငြင်းဆိုပြီး ရွာထဲမှာ ကျန်ရစ်ခဲ့တာလို့ သိရတယ်”ဟု စလင်း ပအဖ တာဝန်ရှိသူက စစ်ကောင်စီသတ်ဖြတ်ခံရသူများ၏ ဖြစ်စဥ်ကို ရှင်းပြသည်။
ထို့အပြင် စစ်ကောင်စီစစ်ကြောင်းထိုးစဥ် စလင်းဒေသခံပြည်သူ ငါးဦးမှာလည်း စစ်ဘေးရှောင်စဥ် သေဆုံးခဲ့ရသည်။ မီးရှို့ခံရသော နေအိမ်များနှင့် စစ်ရှောင်ပြည်သူများအတွက် မြို့နယ်ပကဖ က အကူအညီတောင်းခံထားသည်။
မတ်လ ၁၇ရက်တွင် စလင်းမြို့နယ်သို့ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဆိပ်ဖြူမြို့နယ်မှ ချောက်နှင့် မကွေးမြို့သို့ ဆုတ်ခွာသွားကြောင်းသိရသည်။
ယနေ့ နံနက်ပိုင်းတွင် မြိုင်နှင့် မန္တလေးတိုင်း၊ တောင်သာမြို့တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပေ။
