▪︎ “ကျွန်တော်တို အန်ယူဂျီအစိုးရက ‘အဝေးရောက်အစိုးရ’ ဖြစ်လို့ မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်” – NUGယာယီသမ္မတဒူဝါလရှီးလ
အီယိုရီ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရအဖွဲ့ဝင်အားလုံး ပြည်တွင်း၌ စုစည်းကာ လက်တွေ့ကျကျ လုံ့လထုတ်စေလိုကြောင်း ယာယီသမ္မတဒူဝါလရှီးလက ၎င်း၏အစိုးရအဖွဲ့ဝင်များအား တိုက်တွန်းပြောကြားလိုက်သည်။
ယနေ့(နိုဝင်ဘာ ၂၆ရက်)ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေး၌ NUG ယာယီသမ္မတက မြေပြင်အင်အားကို စုစည်းရန် ပြည်တွင်း၌ အင်အားများ လာစုရန် နိုင်ငံပြည်ပသို့ ရောက်ရှိနေကြသည့် အစိုးရအဖွဲ့ဝင်များအား အလေးအနက်ထား တိုက်တွန်းလိုကြောင်း ပြောကြားသည်။
“ကျွန်တော်တို အန်ယူဂျီအစိုးရက ‘အဝေးရောက်အစိုးရ’ ဖြစ်လို့ မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ ကျွန်တော်တို အစိုးရအဖွဲဝင်တွေအားလုံး အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို လက်တွေ့ကျကျ လုံ့လထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလိုလည်း ပြောနိုင်သလို အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလို့လည်း ပြောနိုင်ပါတယ်” ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။

Public Service Announcement
“ဒါ့ကြောင့် မြေပြင်အင်အားကို စုစည်းဖိုအတွက် ပြည်တွင်းမှာ အင်အားတွေလာစုဖို နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲဝင်များကို အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ ပျံ့နေတဲ့ အလင်းတွေကို မှန်ဘီလူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု အစထပ်ပျိုးကြဖိုလည်း တိုက်တွန်းလိုပါတယ်”ဟု ယာယီသမ္မတကတိုက်တွန်းသည်။
NUG သည် ဝန်ကြီးဌာန ၁၇ခုဖြင့် ဖွဲ့စည်းထားကာ ပြည်ထောင်စုဝန်ကြီး ၁၆ဦးခန့်အပ်တာဝန်ပေးထားပြီး ပြည်ထောင်စုဝန်ကြီး ၁၁ဦးခန့်မှာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံအချို့၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
သို့သော် NUG ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ပြည်ထောင်စုဝန်ကြီးအချို့မှာ ပြည်တွင်း၌ နေထိုင်နေကြောင်း သိရသည်။
နွေဦးတော်လှန်ရေးသည် မကြာမီ (၄)နှစ်ပြည့်တော့မည်ဖြစ်ပြီး အခြေအနေ ပေးထားချက်များထဲမှ အလုပ်ဖြစ်အောင် ကျရာကဏ္ဍကနေ ကိုယ်စီ ပါဝင်ထမ်းရွက်ကျသော အစိုးရအဖွဲ့ဝင်အားလုံးကို ယာယီသမ္မတက လေးစားဦးညွှတ်ကြောင်းလည်း ပြောသည်။ သို့သော် သတိပြုရန်မှာ အင်အားဆိုသည်က ပြည်တွင်း၌ အခြေစိုက်ရကြောင်း ယာယီသမ္မတက ဆက်ပြောသည်။
“အခုဆိုရင် တော်လှန်ရေးဟာ (၄) နှစ်ပြည့်လာတော့မှာဖြစ်ပါတယ်။ အခြေအနေ ပေးထားချက်တွေထဲကနေ အလုပ်ဖြစ်အောင် ကျရာကဏ္ဍကနေ ကိုယ်စီ ပါဝင် ထမ်းရွက်ကျတဲ့ ကျွန်တော်တို အစိုးရအဖွဲဝင်အားလုံးကို ကျွန်တော် လေးစားဦးညွှတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တိုသတိ
ချပ်ဖို လိုတာက အင်အားဆိုတာက ပြည်တွင်းမှာ အခြေစိုက်ရပါတယ်” ဟု ဒူဝါလရှီးလက ပြောကြားသည်။
နွေဦးတော်လှန်ရေးသည် လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေးဖြစ်သောကြောင့် ယခင်တုန်းက လုပ်ရိုးလုပ်စဉ်များအတိုင်း သွား၍ မရတော့ဘဲဖောက်ထွက်စဉ်းစားရမည်ဟု ၎င်းကဆက်ပြောသည်။
သမ္မတ၏ ပြောကြားချက်နှင့်ပတ်သက်၍ ပြည်သူတစ်ဦးက “ပြည်တွင်းမှာပြန်စုဖို့အကြံကို ပြည်သူတစ်ဦးအနေနဲ့ကြိုဆိုထောက်ခံပါတယ်။ ပြည်ပမှာပညာရှင်တချို့တဝက်နဲ့ ထောက်ပို့ပိုင်းတွေပဲထားသင့်ပါတယ်။အတော်အသင့် အချိန်ပေးခဲ့ကြပြီးပဲ။ တပ်ပေါင်းစုဖွဲ့တဲ့နေရာမှာ ဂုဏ်အရှိဝါရှိတဲ့သူတွေ ကိုယ်တိုင်ပါတော့ပိုကောင်းတာပေါ့” ဟု မှတ်ချက်ပြုသည်။
အခြားပြည်သူတစ်ဦးကလည်း “သမ္မတကြီးပြောသွားတဲ့ ပြည်တွင်းမှာ အင်အားတွေ စုစုစည်းစည်းနဲ့ ဆောင်ရွက်ဖို့ အချိန်တန်ပါပြီ”ဟု ပြောသည်။
လက်ရှိ အခင်းအကျင်းနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နှင့် နိုင်ငံရေးအရ၊ စစ်ရေးအရ တိုက်ရိုက် ချိတ်ဆက်မှုအားနည်းသည့် အင်အားစုများမှာ ထင်မှတ်မထားသည့် စစ်ရေး၊ နိုင်ငံရေး ဖိအားများ ကြုံနေသည်ကို တွေ့ရကြောင်း NUG ယာယီသမ္မတက ပြောသည်။
“အထူးသဖြင့် ဖိအားလို့ ပြောတဲ့နေရာမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးသဘောထားရလဒ်က ထွက်လာတဲ့ ဖိအားတွေလို ပြောနိုင်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ လျစ်လျှူရှုလို့မရပါဘူး”ဟု ၎င်းက ဆိုသည်။
ယင်းအခြေအနေကို မဟာဗျူဟာအပြောင်းအလဲအဖြစ် ရှုမြင်ပြီး တော်လှန်ရေးအတွက် ဘေးထွက်ဆိုးကျိုး မကြီးမားအောင် မည်သို့လုပ်ဆောင်ရမည်ကို စဉ်းစားကြရန်ဖြစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများကို အကြမ်းဖျဥ်းကြည့်ပါက စစ်ရေးအရ၊ နိုင်ငံရေးအရ China Dependency(တရုတ်အထောက်အပံ့ခံ)ရှိနေသည်ကို တွေ့ရကြောင်း NUG ယာယီသမ္မတက ပြောသည်။
China Dependency မှာ ယခင်ကလည်း ရှိခဲ့သလို ယခုလည်း ရှိနေကြောင်း၊ အကြမ်းဖက်စစ်ကောင်စီအနေဖြင့်လည်း ကြီးကြီးမားမားရှိနေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ “ကျွန်တော်တို့အနေနဲ့ရော မဟာဗျူဟာ စဉ်းစားချက်တွေ ရွေးချယ်တဲ့အခါ China Dependency ကနေ အလွှမ်းမိုးမခံရအောင် ဘယ်လို alternative စဉ်းစားချက်တွေ ရှိထားမလဲဆိုတာ အင်မတန် အရေးကြီးတယ်လို ထင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေးဖြစ်တာကြောင့် ယခင်တုန်းက လုပ်ရိုးလုပ်စဉ်တွေအတိုင်း သွားလိုတော့ မရတော့ဘူးလို ယူဆပါတယ်။ ကျွန်တော်တိုဟာ ဖောက်ထွက်စဉ်းစားရမယ်၊ လက်တွေ့ကျကျလည်း စဉ်းစားရမယ်။ ပြီးတော့ လူထုကို အထိမနာအောင် ဘေးထွက်ဆိုးကျိုးတွေကိုလည်း သေချာတွက်ချက် စဉ်းစားဖို လိုတယ်လို့ ပြောချင်ပါတယ်” ဟု ယာယီသမ္မတက အစိုးရအဖွဲ့ဝင်များအား တိုက်တွန်းသည်။
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လာမည့်၂၀၂၅ ခုနှစ်သည် နွေဦးတော်လှန်ရေးအတွက် အမှန်တကယ် အလှည့်အပြောင်းများ ဖြစ်လာမည့်နှစ်ဖြစ်ပြီး ယင်းအတွက် ဝန်ကြီးများအားလုံး တော်လှန်ရေးအရွေ့အတွက် ထိရောက်မှုရှိစေမည့် လုပ်ငန်းဆောင်တာများကို ဦးစားပေး လုပ်ဆောင်ကြရန် ထပ်မံတိုက်တွန်းသည်။
“စစ်ရေးကဏ္ဍဘက် အားစိုက်နေကြသလို ၊ နိုင်ငံရေး process ဘက်မှာလည်း ခပ်စိပ်စိပ် ဆွေးနွေးလာကြတာ၊ ဦးစားပေးလာကြတာ တွေ့ရတာမို့ ကျွန်တော်တို့ အစိုးရအနေနဲ့တော့ မိမိတို့အစိုးရရဲ့ မူလတာဝန်တွေ၊ စစ်ရေးဆိုင် ရာလှုပ်ရှားမှုတွေအပြင် တော်လှန်ရေး အရွေ့အတွက် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးကြတဲ့ကဏ္ဍ တွေနဲ့ ညှိနှိုင်းမှုလုပ်ဆောင်ကြရမယ့် ကဏ္ဍတွေ အတွက်လည်း အပြိုင်အားထည့်လုပ်ဆောင် ကြရမယ့်အချိန် ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ဆိုသည်။
