▪︎“မြန်မာပြည်ထဲမှာ မှီတင်းနေထိုင်ကြတဲ့တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေကိုရော NUGကိုရော ဘယ်သူနဲ့ ဆက်ဆံပါ ဘယ်သူနဲ့ မဆက်ပါဆိုတာ ဘယ်သူကမှ ပြောပိုင်ခွင့်မရှိဘူး။ ဒါကျမတို့ရဲ့ လွတ်လပ်ခွင့်ဖြစ်တယ်ဆိုတဲ့ ဟာလည်း ကျမ အကြောင်းပြန်ထားတာရှိတယ်။ ဆိုတော့ ကျမတို့မှာလည်း Red Line တွေ ရှိပါတယ်” ဒေါ်ဇင်မာအောင်
▪︎“ရွေးကောက်ပွဲ မရှိတဲ့တိုင်းပြည်ကနေပြီးတော့ ဟောဒီမှာ ရွေးကောက်ပွဲ တကယ်လုပ်ခဲ့ပြီး တကယ်နိုင်ခဲ့တဲ့သူ အာဏာမလွှဲဘဲနဲ့ တစ်ကနေပြန်စမယ်ဆိုတာ ကို ဟုတ်ပါတယ် လုပ်ပါလို့ ပြောကတည်းကိုက ကိုယ့်ကျင့်နိုင်တဲ့ တရားသာ ကိုယ်ဟောပါလို့ကျနော်တို့ပြောချင်တယ်” ဦးမင်းကိုနိုင်
▪︎“တရုတ်ကပဲ ပြောပြော တရုတ်မဟုတ်တဲ့ အခြား အင်အားအင်အားကြီးနိုင်ငံတခုကပဲ ဖိအားပေးပေး ကျနော်တို့ ရှေ့ဆက်သွားနေတဲ့ တော်လှန်ရေးက ကျနော်တို့ ဆုံးဖြတ်ချက်နဲ့ ကျနော်တို့ သွားမှာ ဘယ်သူ့ရဲ့ ဖိအားနဲ့မှ ရပ်တန့်စရာ အကြောင်းတရားမရှိဘူး” ကိုကျော်ကိုကို
သက်ဝေ/People’s Spring

Public Service Announcement
မြန်မာပြည်တွင်းရေးနှင့်ပတ်သက်ပြီး တရုတ်အစိုးရက ကျင့်ဝတ်မဲ့စွာ ဝင်ရောက်စွက်မှု ယများ ပြုလုပ်နေသည့်အပေါ် ပြည်သူများအပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင်တော်လှန်ရေးအင်အားစု ခေါင်းဆောင်များက တုံ့ပြန်ခဲ့ကြပြီး စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး တော်လှန်မှုဆက်လက်လုပ်ဆောင်သွားရမည်ဟု အသိပေးသည်။
“လူထုလှုပ်ရှားမှု ရက်သတ္တပတ်” အမည်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲ ပထမနေ့ကို နိုဝင်ဘာ ၂၁ရက်က ကျင်းပခဲ့ရာ ဝန်ကြီးဒေါ်ဇင်မာအောင်၊ ၈၈မျိုးဆက် ခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဗကသ ဥက္ကဋ္ဌ ဟောင်း ကိုကျော်ကိုကို တို့က တရုတ်အစိုးရ၏ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှုများ အပေါ် သဘောထား များ ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် မေးခွန်းမေးမြန်းသူ ကိုလက်ယျာက တရုတ်အစိုးရက ဝင်ရောက်စွက်ဖက်မှုများ များစွာ ပြုလုပ်နေမှု၊ တရုတ်၏ ဝင်ရောက်စွက်ဖက်မှုများက ပြည်သူများအပေါ် မည်မျှ သက်ရောက်မှု ရှိနေသည် တို့နှင့်ပတ်သက်ပြီး မေးမြန်းရာ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပုဂ္ဂလိက အမြင်မဟုတ်ဘဲ NUG နိုင်ငံခြားရေး ဝန်ကြီး တစ်ဦးကိုယ်စားပြု ဖြေကြားခြင်းဖြစ်ကြောင်း အသိပေး ဖြေကြားခဲ့သည်။

“ကျမတို့ ရှင်းရှင်းလင်းလင်း အိမ်နီးနားချင်းနိုင်ငံတွေကို သတင်းစကား ပေးထားတာရှိပါတယ်။ ကျမတို့ ဒီနွေဦးတော်လှန်ရေးနဲ့ ကျမတို့ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ ပြည်ထောင်စုသည် အိမ်နီးနားချင်းနိုင်ငံတွေ ဒေသတွင်း မတည်မငြိမ်ဖြစ်မှုတွေကို ရေရှည်အာမခံနိုင်မယ့် နိုင်ငံရေးစနစ်ကို ကျမတို့ ပြည်တွင်းမှာ ထူထောင်နေတာဖြစ်တယ်” ဟု ဒေါ်ဇင်မာအောင်က ဦးစွာပြောသည်။
မြန်မာတွင် စစ်တပ်အာဏာသိမ်းနေမှုများကြောင့် တရုတ်အပါအဝင် မည်သည့် အိမ်နီးနားချင်းနိုင်ငံမှ ခေါင်းအေးအေးနေ နိုင်မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။
“နောက်တခုက ကျမတို့ နိုင်ငံမှာ ဘယ်လိုနိုင်ငံရေးစနစ်နဲ့ သွားမလဲဆိုတာ ဘယ်သူကမှ လာပြောလို့မရဘူး။ ဒါအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ အခွင့်အရေးလည်းဖြစ်တယ်။” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။
တရုတ်နိုင်ငံသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သွားရောက်မည့် ခရီးစဉ် နှင့်ပတ်သက်ပြီး ဖိတ်ကြားမှုများ ရှိကတည်းက တရုတ်တာဝန်ရှိသူများကို အသိပေးခဲ့ကြောင်း၊ အကြမ်းဖက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားပါက မြန်မာပြည်သူများအနေဖြင့် များစွာ စိတ်ဆိုးလိမ့်မည်ဆိုသည်ကို တရုတ်ကို ကြိုတင် အကြောင်းကြားခဲ့ကြောင်း ဝန်ကြီးက ပြောသည်။

“ဆိုတော့ အဲဒါလည်းဖြစ်သွားတော့ ဒီကိစ္စရှိတယ်။ နောက်တစ်ခုက ကျတော့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားနဲ့ NUGနဲ့ မဆက်ဆံရဘူးတို့ဘာတို့ဆိုတဲ့ကိစ္စကျမ အကြောင်းပြန်ထားတာရှိပါတယ် ဒါ ပြည်တွင်းရေးဖြစ်တယ် ။ ပြည်တွင်းရေးဖြစ်တဲ့အတွက် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူးလို့ ပြောထားတာလည်းဖြစ်တယ်။ ဆိုတော့ ဒီကိစ္စက ကျမတို့ မဟာမိတ်တိုင်းရင်းသားတွေ မြန်မာပြည်ထဲမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေကိုရော NUGကိုရော ဘယ်သူနဲ့ ဆက်ဆံပါ ဘယ်သူနဲ့ မဆက်ပါဆိုတာ ဘယ်သူကမှ ပြောပိုင်ခွင့်မရှိဘူး။ ဒါကျမတို့ရဲ့ လွတ်လပ်ခွင့်ဖြစ်တယ်ဆိုတဲ့ ဟာလည်း ကျမ အကြောင်းပြန်ထားတာရှိတယ်။ ဆိုတော့ ကျမတို့မှာလည်း Red Line တွေ ရှိပါတယ်” ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
မြန်မာအနေဖြင့်လွတ်လပ်တက်ကြွသည့်နိုင်ငံခြားရေးမူဝါဒ အခြေခံ ပြီး အိမ်နီးနားချင်းနိုင်ငံကောင်း ဖြစ်အောင်လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
“ထို့အတူ ကျမတို့ ပြည်တွင်းမှာ နိုင်ငံရေးစနစ်ကို ဘယ်လိုထူထောင်မယ် ကျမတို့ ပြည်ထောင်စုကို ဘယ်လိုထူထောင်မယ်ဆိုတာ ကျမတို့ ပြည်ထောင်စုထဲမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုသားတွေ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အလုပ်ပဲဖြစ်တယ်။” ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောသည်။
အာမခံနိုင်သည်မှာ ပြည်တွင်းရေးကို လွပ်လပ်စွာ ကိုယ့်ကြမ္မာ ဖန်တီးခွင့်ရပါက အောင်မြင်မှုသည် အိမ်နီးနားချင်းနိုင်ငံများ၏ အောင်မြင်မှုဖြစ်ပြီး ဒေသတွင်း တည်ငြိမ်းရေးကို အထောက်အပံ့ဖြစ်မည် ဟု ပြောသည်။ လက်ရှိ မတည်မငြိမ်မှုများမလုံခြုံမှုများသည် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်နေသည်ကို အိမ်နီးနားချင်းနိုင်ငံများ နားလည်ရန်လိုအပ်ကြောင်း ပြောပြသည်။

၈၈မျိုးဆက်ခေါင်းဆောင်ဦးမင်းကိုနိုင်ကလည်း “ဒီအိမ်နီးချင်းလိုနိုင်ငံမျိုး၊ ဒီအင်အားကြီးလိုနိုင်ငံမျိုးက ကျင့်ဝတ်မဲ့နေတာ ကျင့်ဝတ်ဖောက်ပြားတာဖြစ်တယ်။ အင်အားကြီးနိုင်ငံက တကယ်တော့ကျင့်ဝတ်ကိုလိုက်နာရမှာဖြစ်တယ်။ ကမ္ဘာမှာ ကမ္ဘာ့လူကြီး လုပ်ချင်ရင် လူကြီးလူကောင်းပီသမှုနဲ့နေရမယ်။ အဲဒီလူတွေကို သူတို့ မသိလို့ဆိုပြီး ရှင်းပြတယ်ဆိုတာ အင်မတန် ရယ်စရာကောင်းတယ်။ တကယ်က သူတို့ မသိတာ မဟုတ်ဘူး မတရားမှုနဲ့ တရားမှုကို မသိဘဲမနေဘူး။ ဒါပေမဲ့ သူတို့သည် အကျိုးစီးပွားတခုတည်းသာ သိလို့ မသိချင်ယောင်ဆောင်နေတာ။ မသိချင်ယောင်ဆောင်နေတဲ့သူကို ဘယ်လိုမှကို ရှင်းပြလို့မရဘူး။ ရင်ဆိုင်ဖို့ပဲရှိတယ်။” ဟု ပြောကြားသည်။
ထိုသို့ရင်ဆိုင်ရာ၌ သွေဆူပြီး စိတ်လိုက်မာန်ပါ မိုက်ရူးရဲ တုန့်ပြန်မှုမျိုးမဟုတ်ဟုလည်း ဦးမင်းကိုနိုင်က ပြောသည်။
“စည်းစနစ်ကျတဲ့ ဉာဏ်ပညာနဲ့ ချင့်ချိန်တဲ့ တုန့်ပြန်မှုနဲ့ ပြည်သူလူထုရဲ့ ညီညွတ်မှုနဲ့ သွားမှာဖြစ်တယ်”ဟု ဦးမင်းကိုနိုင်က ပြောသည်။
ဆက်လက်၍ ဦးမင်းကိုနိုင်က “ဆိုင်ရိုက်လိုက်ရင် ဘယ်သူကွဲမလဲဆိုတာ ကျနော်တို့ မေးကို မေးရမှာ။ မင်းတို့ ပိတ်ဆို့တယ်ဆိုပါတော့ ။ ပိတ်ဆို့တဲ့အခါ ကျနော်တို့က သူတို့ဆီက ဘာတွေရနေလို့လဲ အာနိသင်မဲ့တဲ့ ဆေးဝါးတွေ မသောက်ရလည်း ကျနော်တို့ နေကောင်းပါတယ်။ အဲဒီလိုပဲ အဟာရမပြည့်တဲ့ အစားအစာတွေ တစ်ရက်စုတ်သွားတဲ့ ပစ္စည်းတွေ မသုံးရလည်းဘာမှမဖြစ်ဘူး”ဟု ပြောကြားသည်။
မည်မျှ အင်အကြီး နိုင်ငံ ဖြစ်ပါက မြန်မာပြည်သူလူထုညီပါက ပြည်သူများသည် ပြုနိုင်သူများ ဖြစ်သည် ဟု ဦးမင်းကိုနိုင်က ပြောသည်။ ထို့ပြင်တရုတ်အစိုးရ အနေဖြင့်လည်း ကိုယ်ကျင့်နိုင်သည့် တရားကိုသာ ဟောရန်လိုအပ်သည်ဟု ဦးမင်းကိုနိုင်က ပြောသည်။
“ရွေးကောက်ပွဲ မရှိတဲ့တိုင်းပြည်ကနေပြီးတော့ ဟောဒီမှာ ရွေးကောက်ပွဲ တကယ်လုပ်ခဲ့ပြီး တကယ်နိုင်ခဲ့တဲ့သူ အာဏာမလွှဲဘဲနဲ့ တစ်ကနေပြန်စမယ်ဆိုတာ ကို ဟုတ်ပါတယ် လုပ်ပါလို့ ပြောကတည်းကိုက ကိုယ့်ကျင့်နိုင်တဲ့ တရားသာ ကိုယ်ဟောပါလို့ ကျနော်တို့ပြောချင်တယ်” ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို ကလည်း လက်ရှိ တရုတ်အစိုးရက ငြင်းဆိုထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးထားသည် ဆိုသည့် သတင်း၊ တော်လှန်ရေးရှေ့ဆက်မတိုးရန်၊ သိမ်းပိုက်ထားသည့် နယ်မြေများ စစ်ကောင်စီကို ပြန်ပေးရန် တရုတ်အစိုးရက ဖိအားပေးနေမှု သတင်းများ ရှိနေသည်ဟု ပြောသည်။
“တကယ်တန်းသာ ဖြစ်ခဲ့မယ်ဆိုရင် ဖြေရှင်းနည်းက တစ်ခုပဲရှိတယ်ဗျ။ ဘယ်သူဘာပြောပြော တရုတ်ကပဲ ပြောပြော တရုတ်မဟုတ်တဲ့ အခြား အင်အားအင်အားကြီးနိုင်ငံတခုကပဲ ဖိအားပေးပေး ကျနော်တို့ ရှေ့ဆက်သွားနေတဲ့ တော်လှန်ရေးက ကျနော်တို့ ဆုံးဖြတ်ချက်နဲ့ ကျနော်တို့ သွားမှာ ဘယ်သူ့ရဲ့ ဖိအားနဲ့မှ ရပ်တန့်စရာ အကြောင်းတရားမရှိဘူး ဆိုတဲ့ဟာကကျနော်တို့ သဘောထားပေါ့” ဟု ကိုကျော်ကိုကို က ပြောသည်။
မည်သည့် နိုင်ငံက ဖြစ်စေ စစ်အာဏာရှင်ကို တော်လှန်နေသည့် တော်လှန်ရေးအား တားဆီးဟန့်တားခြင်း၊ လမ်းကြောင်း ပြောင်းအောင် လုပ်ဆောင်ခြင်းအား လက်ခံနိုင်စရာ မရှိဟု ကိုကျော်ကိုကိုက ဆက်ပြောသည်။
စစ်အာဏာရှင်ကို အပြတ်တိုက်ရန်သာရှိပြီး လွတ်လပ်ခွင့်နှင့်အချုပ်အခြာအာဏာ အတွက် ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်တိုင်းရင်းသား လူမျိုးစုအချင်းချင်း ညီညွတ်ရန် အဓိကကျကြောင်း ကိုကျော်ကိုကိုက ဆွေးနွေးသည်။
စစ်ကောင်စီ သည် ယခုနှစ် ဩဂုတ်လတွင်တရုတ် နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိမြန်မာပြည်သို့ လာရောက်ပြီး နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထိန်းချုပ်ရာ မြို့ရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်ကာ အရပ်သားများကို ပစ်မှတ်ထား သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။ ထို့နောက် နိုဝင်ဘာဒုတိယပတ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တရုတ်နိုင်ငံ ခရီးစဉ်မှ ပြန်ရောက်အပြီး တွင်လည်း ရှမ်းမြောက် နှင့် ကချင် ဒေသအပါအဝင် တိုင်းရင်းသား တပ်ဖွဲ့များ ထိန်းချုပ်ရာ မြို့ရွာများရှိ ပြည်သူလူထုများအား ပစ်မှတ်ထား တိုက်ခိုက်သည့် လေကြောင်း ဗုံးကြဲမှုများ ဆက်လက်အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ ကလေးငယ်များစွာ အပါအဝင် ပြည်သူလူထုများစွာ သေဆုံးထိခိုက်ခဲ့ရာသည်။
စစ်ရေး၊နိုင်ငံရေး အပါအဝင် အဘက်ဘက်မှ ရှုံးနိမ့်နေသည့် စစ်ကောင်စီကို သက်ဆိုးရှည်စေရန် တရုတ်အစိုးရက အသက်ဆက်ပေးလိုက်သည့် သဘောတွေ့ရကြောင်း စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကပြောကြားထားသည်။
“စစ်ကောင်စီကတော့ တရုတ်အားကိုးနဲ့ နေ့စဉ် မြန်မာပြည်ဒေသအသီးသီးကို စစ်ရာဇဝတ်မှုကျူးလွန်နေတာပါ ၊ နိုင်ငံတကာစစ်ရာဇဝတ်မှုနဲ့ အခြေခံလူ့အခွင့်အရေးတွေကို စကစဥက္ကဌ မင်းအောင်လှိုင်က သိသိကြီးနဲ့ ပြောင်ပြောင်တင်းတင်း ရက်ရက်စက်စက် ချိုးဖောက်နေပါတယ်” ဟု ဦးဇော်ဆန်က ပြောသည်။
မင်းအောင်လှိုင်တရုတ်မှပြန်လာပြီးနောက် လေကြောင်းတိုက်ခိုက်မှုများအနက် နိုဝင်ဘာ ၁၁ရက် မိုးကုတ် ဖြစ်စဉ်တွင်ပြည်သူ ၉ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့သည်။ နိုဝင်ဘာ ၁၂ရက် နောင်ချို မြို့ လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ ၁၁ဦး သေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့သည်။ နိုဝင်ဘာ ၁၅ရက် မိုးမောက် ကုန်းလောရွာ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း လေကြောင်း တိုက်ခိုက်မှုတွင် ကလေးငယ် ၇ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် နောင်ချို၊ မိုင်းငေါ့၊ ကွတ်ခိုင် အပါအဝင် နိုင်ငံတဝန်း စစ်ကောင်စီ၏ လေကြောင်း ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူများစွာ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။
စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်နေချိန် တရုတ်အစိုးရကလည်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ နယ်မြေများအတွင်းရှိန ယ်စပ်ဂိတ်များကို ပိတ်ကာ ဆေးဝါး၊ စားနပ်ရိက္ခာ အပါအဝင် ကုန်ပစ္စည်းအားလုံးအဝင်အထွက် ပိတ်ဆို့ ဖြတ်တောက်ခြင်း ၊နယ်စပ်မြို့များကို လျှပ်စစ်နှင့် အင်တာနက်ဖြတ်တောက်ခြင်းများပြုလုပ်နေသည်။
သို့သော် မူဆယ်ရှိ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနိုဝင်ဘာ ၂၁ ရက်တွင်ပြန်ဖွင့်ရန်တောင်းဆိုပြီး မြန်မာဘက်မှ ကြံအပါအဝင် စိုက်ပျိုးရေးပို့ကုန်များ ကိုတင်သွင်းနေသည်။
