တပ်ဖွဲ့ဝင်ဟောင်းများအပါအဝင် တက်ရောက် သူများက ပံ့ပိုးသည့်ရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ရရှိ
ဟန်နွေ/People’s Spring
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) –ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် တပ်ဦးနှင့် တပ်မတော်၏ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းနှင့် စစ်မြေပြင်တပ်ဖွဲ့ဝင်များ၏ အခက်အခဲများ ဝိုင်းဝန်းဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ၂ရက်ကြာပြုလုပ်ခဲ့ကြောင်း ABSDFက အသိပေးသည်။

ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၃ နှင့် ၂၄ ရက်တွင် ပြုလုပ်ခဲ့ရာ အမေရိကန်၊ ကနေဒါနှင့် ဥရောပ ၊ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ရှိ ABSDFတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူများ၊ABSDFကို ကူညီထောက်ပံ့သူများ တက်ရောက်ခဲ့သည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ၈၈မျိုးဆက်ခေါင်းဆောင် ကို မင်းကိုနိုင်တို့တက်ရောက် အမှတ်တရစကားပြောကြားခဲ့ဟု အသိပေးသည်။

Public Service Announcement

အနုပညာရှင်များဖြစ်သည့် မွန်းအောင်၊ ချမ်းချမ်း တို့ကလည်းတေးသီချင်းများဖြင့် အမှတ်တရ သီဆိုဖျော်ဖြေကူညီခဲ့ကြောင်း ဖော်ပြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင် တက်ရောက်သူများက ကျောင်းသားတပ်မတော်၏ ရှေ့လုပ်ငန်း စဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ရံပုံငွေများ ထည့်ဝင်ကူညီခဲ့ကြရာ စုစုပေါင်း ကျပ်သိန်း ၁,၀၀၀ ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
တွေ့ဆုံဆွေးနွေးမှုများသို့ ပါဝင်တက်ရောက်ခဲ့ကြသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ၈၈ မျိုးဆက်ခေါင်းဆောင် ကို မင်းကိုနိုင်၊ တေးသံရှင် မွန်းအောင်၊ တေးသံရှင် ချမ်းချမ်း၊ တပ်ဦးနှင့် တပ်မတော်ကို ထောက်ခံကူညီသူများ၊ တပ်ဦးနှင့်တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများ တစ်ဦးချင်းစီကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း ABSDFက ထုတ်ပြန်သည်။

တပ်ဦးနှင့် တပ်မတော်၏ ရှေ့လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင် နိုင်ရေးအတွက် နိုင်ငံတကာရောက် ကျောင်းသားတပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူများ၊ တပ်ဦး နှင့် တပ်မတော်ကို အားပေးကူညီသူများနှင့် တွေ့ဆုံပွဲများဆက်လက်ပြုလုပ်သွားမည်ဟု အသိပေးသည်။

ယခု ၂၀၂၄ နိုဝင်ဘာ ၁ရက်တွင် ABSDF ဖွဲ့စည်းမှု (၃၆)နှစ် ပြည့်မြောက်ခဲ့ရာ အဆိုပါ တော်လှန်ရေးကာလအတွင်း ABSDFရဲဘော် ၈၂၆ဦး ကျဆုံးကာ ၄၃၅ ဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
လက်ရှိနွေဦးတော်လှန်ရေးကာလတွင်လည်း ABSDFသည် ကရင်၊ ကချင်၊ မွန် ၊ မကွေး၊ စစ်ကိုင်း အပါအဝင် ၎င်းတို့ တပ်ရှိရာ ဒေသများရှိ တော်လှန်ရေးတပ်ဖွဲ့များ၊ PDFများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။
