ဟန်နွေ/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကချင်ပြည်နယ် ၊ ကန်ပိုက်တီ နယ်စပ်မြို့မှ တရုတ် နိုင်ငံဘက်သို့ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တရုတ်အစိုးရက ယနေ့ (နိုဝင်ဘာ ၂၃ရက်) ညပိုင်း၌ရှမ်းမြောက် မူဆယ်သို့ ပို့ဆောင်ပေးခဲ့သည်ဟု စုံစမ်းသိရသည်။
KIAသည် နိုင်ဘာ ၂၀ ရက်တွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တီကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

“ဒါကတော့ကန်ပိုက်တီကနေ စစ်ရှုံးပြီး တရုတ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို တရုတ်အစိုးရ အာဏာပိုင်တွေက တရားဝင် လုံခြုံရေးယူပေးပြီး တရုတ်ဘက်ခြမ်းကနေ ရှမ်းမြောက် တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ မန့်ဝိန်းပေါက်အထိ လာရောက်ပို့ဆောင်ကူညီပေးခဲ့တဲ့ သက်သေအထောက်အထားတွေပါ” ဟု စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည်ဆိုသည့် ယာဉ်တန်းအား ရိုက်ကူးထားသည့် ရုပ်သံကို ပြသပြောပြသည်။

Public Service Announcement
နိုဝင်ဘာ ၂၃ရက် ည ၈နာရီ ၁၅ မိနစ်ဝန်းကျင်တွင် တရုတ်အစိုးရက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မူဆယ်ဘက်ခြမ်းသို့ ပို့ဆောင်ပေးခဲ့သည်ဟုသိရသည်။

“မူဆယ်ဘက်ခြမ်းကို တရုတ်က ပို့ဆောင်ပေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအယောက် ၃၀၀ ကျော်ရှိတယ်လို့သတင်းပေးပို့ချက်တွေရရှိထားပါတယ်။အဲဒါကြောင့် အာဏာသိမ်းစစ်ကောင်စီကို သက်ဆိုးရှည်အောင် အဓိက နောက်ကြောကနေ အားပေးကူညီ ပံ့ပိုးနေသူဟာ တရုတ်အစိုးရ ဖြစ်တယ်ဆိုတာ အင်မတန်မှ ခိုင်လုံတဲ့ သက်သေအထောက်အထား တစ်ခုဖြစ်ပါတယ်။မြန်မာပြည် ဒေသ အရပ်ရပ်မှာ နေ့စဉ်နဲ့အမျှ နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတရုတ်အစိုးရကနေ အခုလို နောက်ကြောကနေ ကူညီပံ့ပိုးပေးနေတာဟာ တရုတ်အစိုးရ အနေဖြင့်လည်း နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ကျူးလွန်ရာ ရောက်ပါတယ်လို့ ရှုမြင်ပါတယ်” ဟု ဦးဇော်ဆန်က ပြောသည်။
တရုတ်အနေဖြင့် မြန်မာ့ပြည်တွင်းရေးကို အခြားနိုင်ငံများ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ပြောဆိုမှုများ ရှိသော်လည်း ၎င်းကိုယ်တိုင်ကမူ မြန်မာ့ပြည်တွင်းရေးကို ကျင့်ဝတ်မဲ့စွာ ဝင်ရောက်စွက်ဖက်ပြီး စစ်ကောင်စီကို ကူညီပံ့ပိုးနေသည်ဟု တော်လှန်ရေး အင်အားစုများက တုန့်ပြန်ပြောကြားထားသည်။ တစ်ဖက်တွင်လည်း စစ်ကောင်စီကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို စစ်ကောင်စီကိုမတိုက်ရန်ဖိအားပေးသည့်အနေဖြင့်နယ်စပ်ဂိတ်များပိတ်ပြီး ပိတ်ဆိုဖြတ်တောက်မှု လုပ်ဆောင်ခြင်း၊ လျှပ်စစ်မီး နှင့် အင်တာနက်ဖြတ်ခြင်း ၊ ခြိမ်းခြောက်ခြင်းစသောနည်းလမ်းမျိုးစုံဖြင့် ဆက်တိုက်ဖိအားပေးနေ သည်။
