လေကြောင်းတိုက်ခိုက်မှုကြောင့် နိုဝင်ဘာအတွင်း နောင်ချိုဒေသခံ ၁၇ဦးအထိ သေဆုံး
ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်သည်။
နိုဝင်ဘာ ၂၀ရက် ညနေပိုင်းတွင် စစ်ကောင်စီက နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ညသန်းခေါင်တွင် လည်း ကံကြီးကျေးရွာကို လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကုန်းကြီးရွာ လေကြောင်းတိုက်ခိုက်မှုတွင် (၂၃)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး အမျိုးသား ၂ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက အသိပေးသည်။

Public Service Announcement
ထို့ပြင် ကံကြီးကျေးရွာလေကြောင်း တိုက်ခိုက်ခံရမှုတွင် အမျိုးသားတစ်ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
ကံကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုတွင် TNLA၏ အရာရှိများ ထိခိုက်မှုရှိခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်များတွင် ရေးသားနေသည်။
နောင်ချိုမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး TNLAထံ မေးမြန်းရာ ဆက် သွယ်ရာ၍ မရသေးပေ။

စစ်ကောင်စီတပ်သည် လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားသေဆုံးမှုများ ဆက်တိုက်ရှိနေရာ နောင်ချိုမြို့နယ်တွင် နိုဝင်ဘာ ၁ရက်မှ ၂၁ရက်အထိ ဒေသခံ (၁၇)ဦးသေဆုံးပြီး (၂၆)ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။
ထို့ပြင် ဒေသခံများ၏ နေအိမ်များစွာ ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ မိုင်းငေါ့၊ ကွတ်ခိုင်မြို့များကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLAက ထပ်မံသတိပေးထားသည်။
