close
Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့တွင် လှည့်ကင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မြို့တဖက်ကမ်း ကျေးရွာများစစ်ကြောင်းထိုး

အထက်ပါတိုက်ခိုက်မှုအပြီး နိုဝင်ဘာလ ၁၈ရက် နေ့လည်ပိုင်းမှစတင်ကာ ထားဝယ်မြစ်တဖက်ကမ်း လောင်းလုံးမြို့နယ်အတွင်းမှ ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

(ထားဝယ်မြစ်အတွင်းတွေ့ရသည့် စစ်ကောင်စီတပ်ရေယာဥ်အချို့။ ဓာတ်ပုံ - ပေးပို့)
(ထားဝယ်မြစ်အတွင်းတွေ့ရသည့် စစ်ကောင်စီတပ်ရေယာဥ်အချို့။ ဓာတ်ပုံ - ပေးပို့)

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီတပ်၏လှည့်ကင်းယာဥ် တိုက်ခိုက်ခံရပြီးနောက် ထားဝယ်မြစ်တဖက်ကမ်းရှိကျေးရွာများကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်သားများသည် စစ်ကြောင်း(၃)ကြောင်းခွဲကာ ထားဝယ်မြို့တဖက်ကမ်းရှိ ဖွားဘုတ်ပြင်၊ ဒေါင်းရှောင်နှင့် တောင်မင်းပြောင်ကျေးရွာများသို့ စစ်ကြောင့်များဖြန့်ခွဲဝင်ရောက်နေခြင်း ဖြစ်သည်။

“စစ်ကြောင်းက(၃)ကြောင်း ရှိနေတယ်။ ဖွားဘုတ်ပြင်ရွာမှာတစ်ကြောင်း၊ ဒေါင်းရှောင်ရွာမှာတစ်ကြောင်း၊ တောင်မင်းပြောင်ရွာမှာတစ်ကြောင်း ရောက်နေပါတယ်။ ဒီတကြောလုံးမှာရှိတဲ့ ရွာသားတွေတော့ အကုန်လုံးထွက် ပြေးတိမ်းရှောင်နေရတယ်ဗျ”ဟု ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသည့် ကျေးရွာများမှာ ထားဝယ်မြို့တဖက်ကမ်း၊ လောင်းလုံးမြို့နယ်အတွင်းမှ နခံတော၊ ထိန်တွင်း၊ စခန်းကြီး၊ ဖွားဘုတ်ပြင်၊ မဲအုံနှောက်၊ တောင်မင်းပြောင်၊ မြို့ဟောင်း၊ ပိန်းရှောင်နှင့် ဒေါင်းရှောင် စသည့်ကျေးရွာများပါဝင်ပြီး ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ကျေးရွာများအနက် ထိန်တွင်းရွာသို့ စစ်ကောင်စီတပ်များဝင်ရောက်စဥ် ဒေသခံပြည်အချို့ ဖမ်းဆီးစစ်ဆေးခံရမှုများရှိခဲ့ပြီး ပိုင်ရှင်ရှိမနေသည့်နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက်ထွင်းဝင်ရောက်ကာ ရွှေ၊ ငွေနှင့် တန်ဖိုးရှိပစ္စည်းများယူဆောင်သည့်အပြင် ဆိုင်ကယ်အချို့ကိုပါ ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“အဲဒီနေ့ နာရီပိုင်းအကြာမှာပဲ ရေကြောင်းကနေ ထိန်တွင်းရွာကို ရန်သူအင်အားအလုံးရင်း၀င်ရောက်ခဲ့ပြီး ဆိုင်ကယ်တွေ ဖုန်း ပိုက် ဆံနဲ့ တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်သွားတာရှိပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထားဝယ်မြို့ပေါ် တိုက်ခိုက်မှုဖြစ်စဥ်မှာ နိုဝင်ဘာလ ၁၈ ရက် နံနက်က သုံးဘီးယာဥ်ဖြင့်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများကို ဆင်ဆိပ်နှင့် အိမ်ရှေ့ပြင်ရပ်ကွက်ကြားလမ်းပိုင်း၌ တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ သေနတ်ငါးလက်ရခဲ့ကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့်အဖွဲ့များက ထုတ်ပြန်ထားသည်။

အထက်ပါတိုက်ခိုက်မှုအပြီး နိုဝင်ဘာလ ၁၈ရက် နေ့လည်ပိုင်းမှစတင်ကာ ထားဝယ်မြစ်တဖက်ကမ်း လောင်းလုံးမြို့နယ်အတွင်းမှ ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

“မြို့ပေါ်မှာ လျှပ်တပြက်တိုက်ခိုက်ခံလိုက်ရပြီး ရန်သူလက်နက်တွေပါရတော့ သူတို့(စစ်ကောင်စီတပ်)အတွက် ဖိအားဖြစ်စေတာပေါ့။ ချက်ချင်းခြေရာခံလိုက်ခိုင်းတဲ့သဘောလို့ယူဆရတယ်ဗျ”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မှတ်ချက်ပေးသည်။

လက်ရှိအခြေအနေတွင် ထားဝယ်မြို့တဖက်ကမ်းရှိကျေးရွာများသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်စစ်ကြောင်းများမှာ ကျေးရွာများအတွင်းဆက်ရှိနေသည့်အပြင် ဖမ်းဆီးစစ်ဆေးခံရသည့်ပြည်သူအချို့မှာလည်း ပြန်လည်လွတ်မြောက်ခြင်းရှိ၊မရှိ မသိရသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းကို တိုက်ခိုက်ရာမှာ ရုရှားဟာ ပထမဆုံး အကြိမ်အဖြစ် မဟာဗျူဟာ တိုက်ချင်းပစ် ဒုံးကျည် (ICBM) တစ်စင်းကို အသုံးပြုခဲ့ကြောင်း ယူကရိန်းက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

သတင်း

အဆိုပါစစ်ဆင်ရေးကို နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ အချိန်ခန့်တွင် M79 လက်နက်ကြီးဖြင့်၄၀မမ (၃)လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် မတ္ထရာမြို့နယ်အနောက်ခြမ်းကို နိုဝင်ဘာ ၉ ရက်မှစတင်ပြီး စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တွင်လည်း အနန်းကွင်းဗျူဟာ ခဲယမ်းရိက္ခာပြတ်တောက်မှု ကြုံနေရပြီး မြေပြင်မှ စစ်ကူမပို့နိုင်ပါက အခြေအနေမကောင်းဟု ရေးသားထားသည်။