ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာချင်းတွင်းမြစ်ကမ်းပြိုကျလို့ အဓိကကုန်ထုတ်လမ်းတစ်ခုပျက်စီးသွားတာကြောင့် ဒေသခံတွေ သွားလာရေး အခက်အခဲကြုံတွေ့နေရပါတယ်။
ကနီမြို့နယ်၊ ကနဲရွာအရှေ့ဘက်၊ ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ ဘုတလင်နယ်ကို သွားတဲ့ အဓိက ကုန်ထုတ်လမ်းဟာ မြစ်ရေတိုက်စားပြီးတဲ့နောက် အက်ကြောင်းတွေ ဖြစ်ပေါ်လာပြီး ကွန်ကရစ်လမ်း ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“အဓိက ကုန်ထုတ်လမ်းဖြစ်တော့လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးအတွက်အဓိက အခက်အခဲကြုံကြရတယ်။ စကစရဲ့ တပ်တွေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေယာဥ် တွေ သင်္ဘောတွေနဲ့လာရင် အခုပျက်စီးသွားတဲ့လမ်းကိုပဲ ပြည်သူတွေက အဓိကအသုံးပြုကြရတာ။”လို့ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

အဲဒီမြစ်ကမ်းပြိုကျမှုကြောင့် ကနဲရွာနဲ့ ညောင်ဝန်းရွာတွေပါ ကမ်းပါးပြိုကျမည့်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကနဲရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ အင်းဝခေတ်နဲ့ ကုန်းဘောင်ခေတ်က တည်ထားခဲ့တဲ့ ရှေးဟောင်းစေတီ (၁၇)ဆူလည်း မြစ်ကမ်းဘေး အက်ကြောင်းထတဲ့ နေရာအနီးမှာ တည်ရှိနေတာကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးမယ့် အခြေအနေ ရင်ဆိုင်နေရတယ်လို့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်မှုအား ကောင်းနေတဲ့ မကွေးတိုင်းက ပခုက္ကူနဲ့ ရေစကြို၊ မန္တလေးတိုင်းက မြင်းခြံ၊ စဥ့်ကူးနဲ့ မတ္တရာမြို့နယ်တွေမှာလည်း ကျွန်းပေါ်နဲ့ မြစ်ဘေးကျေးရွာတွေ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုအန္တရာယ် ရင်ဆိုင်နေရပါတယ်။
