အိမ်သွင်/People’s Spring
လားရှိုးမြို့အား စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ရန် သတင်းပေးခဲ့သည်ဟု သံသယရှိသူ မြို့ခံစီးပွားရေးလုပ်ငန်းရှင်အချို့အပါအဝင် ၂၆ဦးကိုမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က စစ်ဆေးနေကြောင်းသတင်းရရှိသည်။
“မြို့မှာ နာမည်ကြီးလုပ်ငန်းရှင်တချို့ပါတယ်။ကိုးကန့်ကမြို့ကိုသိမ်းပြီးနောက်အစောဆုံးပြန်ဝင်လာတဲ့သူတွေဖြစ်တယ်။ လက်ရှိကတော့စစ်ဆေးနေဆဲပဲ” ဟု MNDAAနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာနောက်ဆုံးပတ်က လားရှိုးမြို့ပြင်သို့ ဖုန်းသွား ပြောနေသော မသင်္ကာသူ လားရှိုးဒေသခံတစ်ဦးကို ခေါ်ယူစစ်ဆေးရာမှ စစ်ကောင်စီကို သတင်းပေးနေသည့်အထောက်အထားတွေ့ရှိခဲ့ကြောင်း၊ ထိုသူမှတဆင့် စစ်ဆေးဖော်ထုတ်ပြီး သံသယရှိသူစုစုပေါင်း ၂၆ဦးကို စစ်ဆေးနေကြောင်း MNDAA၏ လားရှိုးမြို့ပြောရေးဆိုခွင့်ရှိသူက ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ရွှေဖီ မြေသတင်းဌာနသို့ ဖြေကြားထားသည်။

Public Service Announcement

စစ်ဆေးနေသူများထဲတွင် စီးပွားရေးလုပ်ငန်းရှင် ၄ ဦးထက်မနည်းပါဝင်ပြီး ပြစ်မှုမရှိကြောင်း ထင်ရှားပါက ပြန်လွှတ်ပေးမည်ဟု MNDAA က ပြောဆိုထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း လားရှိုးမြို့မှ စစ်ကောင်စီသတင်းပေးဟုသံသယရှိသူ ၂၀ဦးထက်မနည်းကို MNDAAက ဖမ်းဆီးစစ်ဆေးခဲ့သေးသည်။ယင်းအချိန်က ဖမ်းဆီးထားသူများနှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်းမထုတ်ပြန်သော်လည်း “ဖမ်းဆီးရမိထားတဲ့ ဒလန်(စစ်ကောင်စီသတင်းပေး)လို့ယူဆရသူတွေကို သေချာစစ်ဆေးပြီး အပြစ်မရှိဘူးဆိုရင် ပြန်လွတ်ပေးပါတယ်။အပြစ်ရှိတယ်ဆိုရင်တော့ ဆက်လက်ထိန်းသိမ်းထားပါတယ်”ဟု MNDAAက သတင်းထုတ်ပြန်အသိပေးခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် သတင်းပေးများကြောင့်ဖြစ်၍ ဖော်ထုတ်ဖမ်းဆီးပေးရန် မြို့ခံများက MNDAA ထံ တောင်းဆိုပြီးနောက် စိစစ်ဖမ်းဆီးခဲ့ခြင်းဟုသိရသည်။
လားရှိုးမြို့ကို MNDAA က သြဂုတ်လအတွင်းသိမ်းယူခဲ့ပြီးနောက် စက်တင်ဘာလနှင့်အောက်တိုဘာလတွင် မြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
လားရှိုးမြို့အပါအဝင် ကိုးကန့်အထူးဒေသ-၁တွင် ဇူလိုင်လမှ အောက်တိုဘာအထိ ၄ လအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ဦးသေဆုံးပြီး ၁၂၈ ဦး ဒဏ်ရာရခဲ့ကြောင်း MNDAA က နိုဝင်ဘာ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ယခုကဲ့သို့ လေကြောင်းမှတိုက်ခိုက်နေခြင်းသည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူများ၏ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမည်ဟု MNDAAက ထုတ်ပြန်ခဲ့သည်။
