▪︎စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးလက်နက်ချ
ချင်းညီနောင်အဖွဲ့က တိုက်ခိုက်နေသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် မြို့စွန်ရှိ အမှတ် ၂၆၈ ခြေလျင်တပ်ရင်း( ခလရ၂၆၈) မှလွဲ၍ ဌာနဆိုင်ရာရုံးများကိုတိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦး လက်နက်ချအလင်းဝင်ကြောင်း သတင်းရရှိသည်။
” ရဲစခန်းနဲ့ထွေအုပ်ရုံးကို ရထားတာ၂ ရက်ရှိပြီ။ ချင်းရဲဘော်တွေက သတင်းမထုတ်ပြန်သေးတာ။ ကျန်နေတာက ခလရ ၂၆၈။ တိုက်ပွဲကဆက်ဖြစ်နေတယ်။ စစ်ကောင်စီကလည်း ကလေးမြို့ကနေ လက်နက်ကြီးတွေဆက်တိုက်ပစ်နေတာပါ” ဟုဖလမ်းမြို့မှ စစ်ဘေး ရှောင်တစ်ဦးကပြောသည်။
လက်နက်ချအလင်းဝင်သူ ၄၀ဦးတွင် အရာရှိအချို့ပါဝင်ကြောင်း သိရသော်လည်း ချင်းညီနောင်အဖွဲ့က တရားဝင်သတင်းမထုတ်ပြန်သေး၍ အသေးစိတ်မသိရသေးပေ။တိုက်ပွဲအတွင်း၌ ချင်းညီနောင်အဖွဲ့ထိခိုက်ကျဆုံးမှုအချို့လည်းရှိနေကြောင်း သတင်းရရှိသည်။

Public Service Announcement

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလ၂၅ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဒေသခံပြည်သူများ မှာဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်ကောင်စီတပ်က ကလေးမြို့ အမြောက်တပ်မှနေ၍ ဖလမ်းမြို့ ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး မြို့မကျရေး ခုခံတိုက်ခိုက်နေကြောင်း ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁)နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ ပါဝင်သည်။

တချိန်တည်းတွင်ချင်းညီနောင်နှင့်ပူးပေါင်းအဖွဲ့များသည် မင်းတပ်မြို့မှ စစ်ကောင်စီစခန်းများကိုလည်း တိုက်ခိုက်နေပြီး စစ်ကောင်စီက တပ်စခန်းများမကျရန် လေကြောင်းအားပြု၍ အပြင်းအထန် ဗုံးကြဲခုခံနေသည်။
ချင်းညီနောင်အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လတွင် မတူပီမြို့ရှိ စစ်ကောင်စီစခန်းများကိုအာရက္ခတပ်တော်(AA)၊Yaw Army (YA) နှင့် Yaw Defense Force (YDF) တို့နှင့်အတူ ချင်းညီနောင်စစ်ဆင်ရေး (Operation CB)အမည်ဖြင့် ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။
ထိုအပြင် ၂၀၂၄ ဧပြီလကုန်ပိုင်းတွင် မကွေးတိုင်းနှင့် ချင်းပြည်နယ် အစပ်ရှိ ကျင်ဒွေးမြို့ကိုလည်းချင်းညီနောင် အဖွဲ့ဝင်တပ်များ နှင့် AA အပါအဝင်မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
(ချင်းညီနောင် တပ်ဖွဲ့ဝင်များ /ချင်းညီနောင်တပ်ဖွဲ့ဝင်များက မတူပီမြို့သိမ်းတိုက်ပွဲတွင်သိမ်းဆည်းရရှိခဲ့သောဟောင်ဝစ်ဇာ နှင့် ဖလမ်းမြို့နယ်ရဲစခန်းဆိုင်းဘုတ်။ဓါတ်ပုံ-The Chin Journal ၊ချင်းညီနောင်)
