အိမ်သွင်/People’s Spring
အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲသို့ စစ်ကောင်စီက တပ်မ(၆၆)မှ အင်အား ၁၀၀ ခန့်ကို ရဟတ်ယာဉ်ဖြင့် လာချသွားပြီး တိုက်ပွဲများဆက်လက် ပြင်းထန်နေသည်။
သဲကုန်းမြို့နယ်အခြေစိုက်အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်မှ အင်အား ၁၀၀ ခန့်ကို နိုဝင်ဘာလ ၇ရက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ဝင်းအတွင်း စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခြင်းဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
“အမှတ်(၃၇၄)အမြှောက်တပ်ကို ပြန်ယူဖို့ ခံတိုက်တယ်။ တပ်မ(၆၆) ကကောင်တွေ ရောက်လာတာ။စစ်သင်တန်းဆင်းတွေလည်း ပါတယ်ကြားတယ်။ အမြှောက်တပ်မှာတိုက်ပွဲဆက်ပြင်းထန်နေပါတယ်”ဟု အဆိုပါစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement
အမှတ်(၃၇၄)အမြှောက်တပ်ဝင်းကို AAက နိုဝင်ဘာလ ၇ရက်တွင် စီးနင်းတိုက်ခိုက်ပြီး တပ်တွင်း နေရာအများအပြား၌ နေရာယူထားသည်။ယင်းနေ့တွင် စစ်ကောင်စီက တပ်မ(၆၆)မှတဆင့် အင်အားဖြည့်ပြီး ခုခံနေခြင်းဖြစ်သည်။
အမ်းမြို့သိမ်းတိုက်ပွဲသည် အလွန်ပြင်းထန်နေပြီးနပခတိုင်းမှူးဗိုလ်ချုပ်ကျော်စွာဦးသည် ကျောက်ဖြူမြို့၌ရောက်ရှိနေသလို ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် အခြားအရာရှိများသည် နိုဝင်ဘာလ ၄ရက်နေ့ကမကွေးမြို့သို့ စစ်ရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
လက်ရှိတွင် တိုင်းစစ်ဦးစီးမှူးယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ဗိုလ်မှူးကြီးအောင်ရွှေတို့ အမ်း၌ ရှိနေပြီး နပခထဲတွင် ရှိနေသည်ဟု သတင်းရထားကြောင်းAAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။
ယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် AAက နိုဝင်ဘာ ၅ရက်နေ့မှစသည့် နပခအနီးရှိ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲ၌ ဒဏ်ရာရပြီး သေဆုံးသွားခဲ့သည်ဟု စစ်ရေးသတင်းအရင်းမြစ်တစ်ခုကို ကိုးကား၍ နိရဉ္စရာသတင်းဌာနကရေးသားထားသည်။ ထိုဖြစ်စဉ်ကို People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
လက်ရှိ အမ်းတိုက်ပွဲသည် နပခအနီး အနီးကပ်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဟု ဒေသခံအချို့ကပြောသည်။
အမ်းမြို့တွင် ခမရ(၃၇၁)(၃၇၂)(၃၇၃)အမှတ် ၃၇၄ အမြောက်တပ်ရင်း၊ အမှတ်၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် ၃၄၅ စက်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (နပခ)၊ အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၉၂၆ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမ်းတောင်အုပ်စုတွင် အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်)၊ အမှတ် ၁၀ တပ်ထိန်းတပ် စသည့် အခြေစိုက်တပ်ဖွဲ့များ ရှိသည့်အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) ၁၀ လက်အောက်ခံ အမှတ် ၃၆၂ ခြေမြန်တပ်ရင်း၊ အမှတ် ၃၆၅ ခြေမြန်တပ်ရင်း၊ အမှတ် ၃၆၉ ခြေမြန်တပ်ရင်းများပါ ရှိနေသည်။
AA သည် ခမရ(၃၇၃)၊ခမရ (၃၇၁)၊ ခမရ(၃၇၂)ကုတင်၃၀၀ဆေးတပ်၊ တပ်ရင်းများ ဖြန့်ခွဲတပ်စွဲထားသည့် ကံ့ကော်တစ်ထောင်ဘုရား၊ပူလောင်တောင်ဘုရားကုန်း၊စရဖတပ်၊ နပခအနီးရှိမိုက်ကရိုဝှေ့တောင်ကုန်း၊ အမှတ်(၈) တိုက်စည်းကျောင်း၊ BEတပ်ရင်း၊သရက်ပင်တပ်စခန်း၊နတလဂိတ်၊ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကုန်းများကိုသိမ်းပိုက်ထားပြီဖြစ်ကြောင်း ဒေသခံများ၊ ဒေသအခြေစိုက်သတင်းဌာနများ၊ မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ထုတ်ဖော်ပြောကြားထားသည်။
တိုက်ပွဲနှင့်ပတ်သက်၍ AAက တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း အမ်းမြို့ကိုသိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းပြီးခဲ့သည့်အောက်တိုဘာလကသတင်းထုတ်ပြန်ခဲ့သည်။
