▪︎စစ်သုံ့ပမ်း ၆ဦး၊ လက်နက်ချ အလင်းဝင်သူ ၁၇ ဦးရှိပြီး လက်နက် ၅၂လက်ရ ဟု အသိပေး
ဟန်နွေ/People’s Spring
ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha) က ပြီးခဲ့သည့် လေးလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ဦး သေဆုံးအောင် ရှင်းလင်းနိုင်ခဲ့ကြောင်း CDFဟားခါးက နိုဝင်ဘာ ၁၂ရက်ညတွင် သတင်းထုတ်ပြန်သည်။
၂၀၂၄ ဇူလိုင် ၁၂ရက် မှ နိုဝင်လာ ၁၂ရက်အထိ၊ (၄)လအတွင်း CDF ဟားခါး၏ စစ်ရေးလှုပ်ရှားမှုမှတ်တမ်း အကျဥ်းချုပ်ကို အသိပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါကာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၃ဦး သေဆုံးခဲ့သည့်အပြင် ၆ဦး အရှင်ဖမ်းမိခဲ့ပြီး ၁၄ဦး ဒဏ်ရာရရှိစေခဲ့ကြောင်းဖော်ပြထားသည်။

Public Service Announcement
ထို့အပြင် ရဲ ၁၃ဦး နှင့် စစ်သား ၄ဦး စုစုပေါင်း ၁၇ဦး CDF ဟားခါးထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။

လေးလအတွင်း စစ်ကောင်စီထံမှ သေနတ် ၄၃ လက် သိမ်းဆည်းရရှိခဲ့ပြီး CDM ပြုလုပ်အလင်းဝင်လာသူများက သေနတ် ၉လက်ပါလာသည့်အတွက် ၆၀မမ၊ MA 15 နှင့် M79 အပါအဝင် လက်နက်မျိုးစုံ ၅၂လက် ရရှိခဲ့သည်ဟုဆိုသည်။ထို့ပြင် စစ်ကောင်စီ ထောက်ပို့ MI-17ရဟတ်ယာဉ် အမြီးပိုင်း ထိမှန်အောင် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်ဟု CDF ဟားခါးကဆိုသည်။
ဟားခါး CDFသည် Operation Rung အမည်ရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) နှင့်ပူးတွဲ စစ်ရေးဖော်ဆောင်ခဲ့ရာ အောက်တိုဘာ ၂၈ရက်တွင် ဟားခါး-ထန်လလန် ကြားရှိ စစ်ကောင်စီစခန်း တစ်ခု သိမ်းပိုက်ခဲ့ရာ ယင်းတိုက်ပွဲ၌ စစ်ကောင်စီ တပ်သား ၁၅ဦး သေဆုံးပြီး ဗိုလ်မှူး အပါအဝင် ၄ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ ရရှိခဲ့သည်။
ဩဂုတ် ၁၂ရက်ကလည်း CDFဟားခါးနှင့် CNA ပူးပေါင်းတပ်သည် ဟားခါး ထန်တလန်ကြားရှိ စစ်ကောင်စီစခန်းတစ်ခုကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦးသေဆုံးကာ လက်နက်ကြီး အပါအဝင် လက်နက် ၁၀လက်နှင့် ခဲယမ်းများ သိမ်းရခဲ့သည်။
ထို့ပြင် ထန်တလန်ဘက်သို့စစ်ကူမသွားနိုင်အောင် ရက်ပေါင်း ၈၂ ရက် တားဆီးပိတ်ပင် နိုင်ခဲ့သည်ဟု CDF ဟားခါးက အသိပေးထားသည်။
တိုက်ပွဲများအတွင်းချင်းတော်လှန်ရေးတပ်မှ ထိခိုက်ကျဆုံးမှု အခြေအနေကိုမူ ဖော်ပြမထားပေ ။
CNA နှင့် CDF ပူးပေါင်းတပ်များသည်ထန်တလန်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဇူလိုင်မှစတင်ဖော်ဆောင်နေခြင်းဖြစ်ပြီး ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စခန်းများ၊ ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီ၏ ခလရ(၂၆၉)တပ်ကုန်းတို့ကို သိမ်းပိုက်ခဲ့သည်။ သို့သော်မြို့ ပေါ်ရှိ နေရာအချို့၌ စစ်ကောင်စီယာယီတပ်စွဲထားသည့် နေရာများကို သိမ်းပိုက်ရန် ဆက်လက်ထိုးစစ်ဆင်နေစဉ် စစ်ကောင်စီ ကလေကြောင်း၊ လက်နက်ကြီး ပစ်ကူများ အသုံးပြုပြီး ဟားခါးမှ စစ်ကူအင်အားများဖြည့်တင်းခဲ့၍ ချင်းပူးပေါင်းတပ် သိမ်းပိုက်ထားသည့် တပ်စခန်းအချို့ လက်လွှတ်ခဲ့ရပြီး လက်ရှိတွင် ထန်တလန်မြို့သို့ စစ်ကောင်စီ စစ်ကူတပ်ရောက်ရှိ ပူးပေါင်းနိုင်ခဲ့သည်ဟု ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပြထားသည်။
