ဇော်ရမ်း/People’s Spring
ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုး၍ ပကြမ်းဖက်နေသည့် စစ်ကောင်စီတပ်သည် ယနေ့ (နိုဝင်ဘာလ ၂ရက်) နံနက်ပိုင်းတွင် မုံရွာမြို့ဘက်သို့ပြန်လည်ဦးတည်နေသည်။
“မုံရွာနမခကို ပြန်တည်နေတဲ့လမ်းပေါ်တက်နေပြီ။ နမခကို ပြန်ဝင်မလား။ ပတ်ပြီး ဆက်စစ်ကြောင်းထိုးမလား မမှန်နိုင်သေးဘူး” ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ဖမ်းဆီးထားသည့် ဓါးစာခံအချို့နှင့်အတူ ကျီးပင်ချောင်ကျေးရွာသို့ရောက်ရှိနေခြင်းဖြစ်သည်။ကျီးပင်ချောင်ကျေးရွာသည် ဘူတလင်မြို့နှင့် သုံးမိုင်ခန့်ဝေးပြီး မုံရွာမြို့ဘက်နှင့် မိုင်၂၀ခန့် ကွာဝေးသည်။

Public Service Announcement
အဆိုပါစီစစ်ကြောင်းနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယမန်နေ့ နံနက်က နာရီဝက်ခန့်ကြာတိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီစစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ဝေးရာသို့ ရှောင်ထွက်သွားကြောင်း သတင်းများရှိသည်။
“အထိအခိုက်တော့ ရှိပုံမရဘူး။ ထိပ်တိုက်မတွေ့ချင်လို့ရှောင်ထွက်သွားတဲ့သဘောပဲ” ဟု ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။
ကျီးပင်ချောင်ကျေးရွာအနီးတွင်မှန်တော၊ ကံသစ်ကျေးရွာတို့ရှိနေပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရသည်။
စက်တင်ဘာလ၃၁ရက်နေ့က အင်အား ၈၅ ဦးပါ စစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက် ချေမှုန်းခံရပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အောက်တိုဘာလပထမလပတ်ထဲတွင် ဘုတလင်မြို့သို့စစွကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်။
အောက်တိုဘာလ၁၂ရက်၊ ၁၃ရက်နှင့် ၁၈ရက်တွင် ဗန္ဓုလကွက်သစ်ရပ်ကွက်၊မြောက်ပြင်ရပ်နှင့်စီပါရွာကိုစီးနင်းပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ဒေသခံ စုစုပေါင်း ၂၄ဦး သေဆုံးခဲ့သည်။ ထို့ပြင် အရပ်သား ၉၀ဦးခန့်ကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
မူလစစ်ကြောင်း၌ အင်အား ၁၀၀ခန့်ရှိပြီးအောက်တိုဘာလ၂၅ ရက်နံနက်ပိုင်းတွင် နမခမှ နောက်ထပ် ကားငါးစီးလိုက်လာကာ လက်နက်ခဲယမ်းများနှင့် လူအင်အား ထပ်ဖြည့်ထားသည်။
