close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာအပါအဝင်နိုင်ငံနှစ်ဒါဇင်လောက် ဆိုးရွားတဲ့ စားနပ်ရိက္ခာ ပြတ်တောက်မှု ပြဿနာတွေ ကြုံလာနိုင်တယ်လို့ဆို

အစီရင်ခံစာအရ လက်ရှိ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေ၊ ဒေသတွေမှာ ပိုပြီးဆိုးရွားတဲ့ ဆာလောင်မွတ်သိပ်မှုနဲ့ စီးပွားရေး ကျပ်တည်းမှု ပြဿနာတွေ ဖြစ်မလာစေဖို့ဆိုရင် ပမာဏ အများအပြားနဲ့ အရေးတကြီး တုံ့ပြန်မှုတွေ လိုအပ်နေပြီလို့လည်း ထောက်ပြထားခဲ့ပါတယ်။

(ကရင်နီပြည်တ​စ်နေရာတွင်​ရေကြီး​​ရေလျှံနေစဥ်။ ဓါတ်ပုံ-CJ)
(ကရင်နီပြည်တ​စ်နေရာတွင်​ရေကြီး​​ရေလျှံနေစဥ်။ ဓါတ်ပုံ-CJ)

-People’s Spring

မြန်မာအပါအဝင်ကမ္ဘာ့နိုင်ငံပေါင်းနှစ်ဒါဇင်လောက်ဟာ ဆိုးရွားတဲ့ စားနပ်ရိက္ခာ ပြတ်တောက်မှု ပြဿနာတွေ ကြုံလာနိုင်တယ်လို့ ကုလသမဂ္ဂ အေဂျင်စီ နှစ်ခုက သတိပေး ပြောကြားလိုက်ပါတယ်။

စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ (FAO)နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)နှစ်ခု ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လက်ရှိ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ ဆူဒန်မှာ စားနပ်ရိက္ခာ ဖူလုံမှု လျော့ကျတဲ့ ပြဿနာဟာ ဆိုးသထက် ဆိုးလာနေပြီး နောက်ထပ် ကမ္ဘာ့နိုင်ငံ ၂၂ ခုဟာလည်း လာမယ့် ခြောက်လအတွင်း ပိုပြီး စိုးရိမ်ရမယ့် အနေအထား ဖြစ်လာနေတယ်လို့ ထောက်ပြထားပါတယ်။

အဓိကအားဖြင့်တော့ အဲဒီနိုင်ငံတွေဟာ စစ်ရေး ပဋိပက္ခတွေ၊ ပြည်တွင်း ဆူပူ အကြမ်းဖက်မှုတွေ၊ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင် ရုန်းကန်နေကြရတာ ဖြစ်တယ်လို့ FAOနဲ့ WFPက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ နိုင်ငံပေါင်း နှစ်ဒါဇင် နီးပါးထဲမှာမှ ဆူဒန်၊ တောင်ပိုင်းဆူဒန်၊ မာလီ၊ ဟေတီနဲ့ ပါလက်စတိုင်း ဒေသတို့ဟာ အခြေအနေ အဆိုးဆုံး ဖြစ်နေပြီး လူဦးရေရဲ့ ရာခိုင်နှုန်း အများစုဟာ ငတ်မွတ်မှုနဲ့ တခြား ဆိုးဆိုးရွားရွား ကျပ်တည်းမှုတွေ ကြုံနေရပါတယ်။

ဆူဒန်ကတော့ ၁၈ လ ကြာမြင့်လာပြီဖြစ်တဲ့ ပြည်တွင်းစစ်အတွင်း စားနပ်ရိက္ခာ ထုတ်လုပ်မှု စနစ်တွေ အားလုံးနီးပါး ရပ်ဆိုင်းကုန်ပြီး လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ၊ လူသားချင်း စာနာမှု အကူအညီတွေ ထောက်ပံ့ဖို့ ခက်ခဲနေတာတွေကြောင့် အခြေအနေ အဆိုးဆုံး ဖြစ်နေပါတယ်။

FAOရဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေး အရာရှိ အော်ရယ်လီယန် မယ်လင်က လက်ရှိ ပြဿနာ ကြုံနေတဲ့ နိုင်ငံတွေမှာ စားနပ်ရိက္ခာ အကျပ်အတည်း အဆင့်ကနေ အငတ်ဘေးဆိုက်တဲ့ အဆင့်ထိ ပိုဆိုးမသွားအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကြားဝင် ဆောင်ရွက်မှုတွေ၊ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

သူက အဲဒီအပိုင်းမှာ အဓိက စဉ်းစားရမယ့် နိုင်ငံတွေအဖြစ် မြန်မာ၊ ချတ်ဒ်၊ နိုက်ဂျီးရီးယား၊ မိုဇင်ဘစ်၊ လက်ဘနွန်၊ ဆီးရီးယားနဲ့ ယီမင်တို့ကို အဓိက ထောက်ပြသွားပါတယ်။ အဲဒီ နိုင်ငံတွေဟာလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဖြစ်စေ၊ ဒေသ အပိုင်းအခြားအလိုက်ဖြစ်စေ နောက်ခံအခြေအနေ ကွဲပြားတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ နယ်မြေ မတည်ငြိမ်မှုတွေနဲ့ ကြုံနေရတယ်လို့ဆိုပါတယ်။

နမီးဘီးယားနဲ့ လီဆိုသို နိုင်ငံတွေဟာလည်း စိုးရိမ်အဆင့် စာရင်းထဲ ပါလာပေမယ့် စစ်ရေး ပြဿနာတွေကြောင့် မဟုတ်ဘဲ ရာသီဥတု ဆိုးရွားဖောက်ပြန်လာပြီး စားနပ်ရိက္ခာ ထုတ်လုပ်နိုင်စွမ်း လျော့ကျလာတာကြောင့် ဖြစ်ပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေက လာနီညာ ရာသီဥတု ဖြစ်စဉ်ဟာ အခု နိုဝင်ဘာလထဲမှာ နိုက်ဂျီးရီးယား၊ မာလာဝီ၊ မိုဇင်ဘစ်၊ တောင်ဆူဒန်၊ ဇမ်ဘီယာနဲ့ ဇင်ဘာဘွေ နိုင်ငံတွေမှာ ရေကြီးရေလျှံမှုတွေ ပိုမို ဆိုးရွားသွားစေနိုင်ပြီး အီသီယိုးပီးယား၊ ကင်ညာနဲ့ ဆိုမာလီယာတို့မှာတော့ မိုးခေါင်ရေရှားမှုတွေကြုံသွားနိုင်တယ်လို့ သတိပေးထားပါတယ်။

အစီရင်ခံစာအရ လက်ရှိ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေ၊ ဒေသတွေမှာ ပိုပြီးဆိုးရွားတဲ့ ဆာလောင်မွတ်သိပ်မှုနဲ့ စီးပွားရေး ကျပ်တည်းမှု ပြဿနာတွေ ဖြစ်မလာစေဖို့ဆိုရင် ပမာဏ အများအပြားနဲ့ အရေးတကြီး တုံ့ပြန်မှုတွေ လိုအပ်နေပြီလို့လည်း ထောက်ပြထားခဲ့ပါတယ်။

ကိုးကား Guardian

ဆက်စပ်သတင်းများ