ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က ယနေ့ အင်အားဖြည့်တင်းနေပြီး စစ်ရေးလှုပ်ရှားနေ၍ မြောက်ပိုင်းမဟာမိတ်တပ်များနှင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။
နိုဝင်ဘာ ၁ရက် နံနက်တွင် မူဆယ်မြို့အနီး၌ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့သည်။ မူဆယ်အနီးတွင် ကိုးကန့်တပ်(MNDAA)၊ ရက္ခိုင့်တပ်(AA)၊ တအာင်းတပ်(TNLA)၊ ရှမ်းတပ် (SSPP)၊ ကချင်တပ်(KIA) စသည့် မြောက်ပိုင်းမဟာမိတ်တပ်များရှိပြီး ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် AA တပ်များအကြား တိုက်ပွဲဖြစ်သည်ဟုယူဆရကြောင်း သတင်းရင်းမြစ်က ပြောသည်။
“မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မူဆယ် မန့်မိုင် အဲဒီဒေသက ကချင်ဘုရားကျောင်းဆုတောင်းတောင်ရဲ့ အောက်ဘက်မှာ စာသင်ကျောင်း တစ်ခုရှိတယ်။အဲဒီမှာ စစ်ကောင်စီဘက်ကနေ ဒီမနက် အစောပိုင်း ၅နာရီ ၄၈မိနစ်ဝန်းကျင်မှာ လူအင်အား လက်နက်အင်အား ပြန်လည်ပြီးတော့ ဖြည့်တင်းပို့ဆောင်လာတယ်။ အကယ်၍များ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဲဒီဆုတောင်းတောင်ရဲ့အပေါ်ဘက်ကို ဆက်လက်ပြီး တက်လာမယ်ဆိုရင် တိုက်ပွဲကတော့ အချိန်မရွေး ဆက်လက်ပြီးတော့ ဖြစ်ပွားနိုင်တယ်”ဟု ရှမ်းမြောက်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

Public Service Announcement
လက်ရှိအခြေအနေသည် မြောက်ပိုင်းမဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာနေသည့် အခြေအနေဖြစ်သည်ဟု ၎င်းက ဆိုသည်။
“အချိန်မရွေးတော့ တိုက်ပွဲ ပြန်လည်စတင်လာနိုင်တာပေါ့။အဓိကကတော့ စစ်ကောင်စီရဲ့လှုပ်ရှားမှုအပေါ်မူတည်တယ်။ သူ့ဘက်က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရှိတဲ့နေရာကို ထိုးစစ်ဆင်လာရင်တော့ တိုက်ပွဲတွေ မြို့ထဲထိတောင် ပြန်လည်ကူးစက်လာနိုင်ပါတယ်။တရုတ်ဘက်က ဖိအားဘယ်လောက် ပေးထားသည်ရှိစေကာမူ အကယ်၍ စစ်ကောင်စီဘက်က မူဆယ်အနီးတဝိုက်မှာရှိတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို ထိုးစစ်ဆင်လာမယ်ဆို မူဆယ်မြီု့တွင်းထဲ အချိန်မရွေး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာနိုင်ပါတယ်”ဟု ဦးဇော်ဆန်က ပြောသည်။
ယမန်နေ့ တိုက်ပွဲ ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်များက သတင်းထုတ်ပြန်သည်ကို မတွေ့ရသေးပေ။

တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်၍ ဒေသခံများအနေဖြင့် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုကို အချိန်နှင့်တပြေးညီ သတိထားစောင့်ကြည့်ရန်လိုအပ်သည်ဟု ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့(MNDAA၊ TNLA၊ AA) တို့သည် ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ အောက်တိုဘာက စတင်ခဲ့ရာ မူဆယ်မှ အပရှမ်းမြောက်ရှိ စစ်ကောင်စီထိန်းချုပ်ရာ မြို့၊ ဒေသအားလုံးနီးပါးကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဒေသအချို့ မြို့အချို့သာ ကျန်တော့သည်။
မူဆယ်မြို့ကို တိုက်ခိုက်ခြင်းမပြုရန် တရုတ်ဘက်က ဖိအားပေး၍ တိုင်းရင်းသားတပ်ဖွဲ့များက မူဆယ်မြို့အပြင်တွင် ဝိုင်းရံထားသည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။
တရုတ်အစိုးရသည် မြန်မာ့ပြည်တွင်းရေးကို အခြားနိုင်ငံများ အထူးသဖြင့် အနောက်နိုင်ငံများ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ပြောဆိုနေသော်လည်း တရုတ်အစိုးရကိုယ်တိုင်က ဝင်ရောက်စွက်ဖက်နေသည်ဟု ဦးဇော်ဆန်က ပြောသည်။
“သူကိုယ်တိုင်ကိုယ်က ကျနော်တို့ မြန်မာနိုင်ငံရဲ့ အရေးကို တိုက်ရိုက်စွက်ဖက်နေတယ်လို့ မြင်ပါတယ်”ဟု ၎င်းက ဆိုသည်။
တရုတ်၏ ဖိအားအပေါ် မြောက်ပိုင်းမဟာမိတ်များအနေဖြင့် ပထဝီဝင် နိုင်ငံရေး စစ်ရေးအရသည်းခံ စိတ်ရှည်နေရသည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီကလည်း တရုတ်အားကိုးဖြင့် လားရှိုးအပါအဝင် MNDAA၊ TNLA ထိန်းချုပ်ရာ မြို့ရွာများကို လေကြောင်း စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်ကိုလည်းတွေ့ရကြောင်း ဦးဇော်ဆန်က ပြောသည်။
