ဇေအောင်/People’s Spring
အကျဉ်းထောင်အသီးသီး၌ ဆေးဝါးစောင့်ရှောက် မှုလုံလောက်စွာမရရှိ၍ ၁၀လအတွင်း နိုင်ငံရေးအကျဥ်းသား အနည်းဆုံး ၁၈ဦးကျဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်သည်။
၂၀၂၄ ဇန်နဝါရီ ၁ရက်မှ အောက်တိုဘာ ၃၁ရက် အထိ အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ အနည်းဆုံး ၁၈ ဦးကျဆုံးခဲ့ရကြောင်း PPNMက နိုဝင်ဘာ ၁ ရက်တွင် အသိပေးသည်။
“အရင်နှစ်ကနဲ့ ကာလတူ အောက်တိုဘာလကုန်အထိ နှိုင်းယှဥ်မယ်ဆိုရင် ၅၀ရာခိုင်နှုန်းကျော် မြင့်တက်လာတယ်လို့ ပြောလို့ရတယ်။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

Public Service Announcement
ကျဆုံးနိုင်ငံရေးအကျဥ်းသားများမှာ အသည်းရောဂါ၊ အဆုတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေထိုးလေအောင့်ရောဂါ၊.သွေးတိုးရောဂါ၊ ရင်ကြပ်ရောဂါများဖြင့် ဆေးဝါးကုခွင့်မရခြင်း၊ ဆရာဝန်၏ ပေါ့လျော့ခြင်း၊ အချိန်မီမရောက်ခြင်းများကြောင့် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် စစ်ကြောရေးမှ ရရှိသည့် အတွင်းဒဏ်ရာများလည်း ကောင်းစွာကုသခွင့်မရ၍ ကျဆုံးခဲ့ခြင်းများလည်း ရှိကြောင်း PPNMက ဆိုသည်။
“ဆရာဝန်ဆိုတဲ့သူ(ထောင်ဆရာဝန်)က လူနာရဲ့မျက်နှာတောင်မကြည့်ပါဘူး။ ဘာဖြစ်ဖြစ် ပါရာတစ်လုံးပေးတာပါ။”ဟု နိုင်ကျဥ်းများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခု ၂၀၂၄ အတွင်း ကျဆုံးနိုင်ငံရေးအကျဥ်းသားများအနက် အသက် (၇၄)နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လည်း ပါဝင်သည်။
၂၀၂၁ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်းခံထားရသော ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါဖြစ်နေရင်း ထောင်တွင်းအကျဥ်းချခံခဲ့ရသည်။ သို့သော် ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု ကောင်းစွာမရရှိခဲ့သည့် ဒေါက်တာဇော်မြင့်မောင်သည် ပြီးခဲ့သည့် အောက်တိုဘာ ၇ရက် နံနက် ၃ နာရီခန့်တွင် ကွယ်လွန်သွားခဲ့သည်။
ယခုနှစ် ဇန်နဝါရီက ကျိုက်မရော အကျဉ်းထောင်၌ ပုဒ်မ ၅၄၊ ပုဒ်မ၅၂(က)တို့ဖြင့် ထောင်တသက်ချမှတ်ခံထားရသည့် (၄၃)နှစ်အရွယ် ကိုရာရှင်(ခ)ဟာရှင်နှင့် ပုဒ်မ၅၂(က)ဖြင့် ထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရသည့် (၃၁)နှစ်အရွယ် ကိုပြည့်ဖြိုးအောင်၊ မကွေးထောင်၌ ၅၀(ည)ဖြင့် ထောင်ဒဏ်၁၅နှစ် အမိန့်ချခံထားရသည့် (၂၂)နှစ်အရွယ် မစုမေအောင်၊ ကလေးအကျဉ်းထောင်၌ ပုဒ်မ၅၀၅(က)၊၅၂(က)၊၅၀(ည)တို့ဖြင့် ထောင်ဒဏ်၁၄နှစ် ချမှတ်ခံထားရသည့် (၄၅)နှစ်အရွယ် ကိုကြည်ရအောင်တို့ ကျဆုံးခဲ့သည်။
ဖေဖော်ဝါရီတွင်လည်း မန္တလေးအိုးဘိုအကျဉ်းထောင်၌ ၅၀၅(က)၊၅၀၅(က)နှစ်မှုဖြင့် ထောင်ဒဏ် ၆နှစ်အမိန့်ချခံထားရသည့် (၃၅)နှစ်အရွယ် မယဥ်မိုး၊ ဒိုက်ဦးအကျဉ်းထောင်၌ ပုဒ်မ ၅၀၅၊၁၂၄ဖြင့် ထောင်ဒဏ် ၈နှစ်ကျခံနေရသူ (၆၈)နှစ်အရွယ် ဦးအေးဝင်းတို့လည်း ကျဆုံးခဲ့သည်။
မတ်လတွင် ဒိုက်ဦးအကျဉ်းထောင်၌ ပုဒ်မ၅၂(က)၊၅၀(ည)ဖြင့် ထောင်၁၄နှစ် ချမှတ်ခံရသည့်အသက် (၆၄)နှစ်အရွယ် ဦးခင်စိုး၊မေလတွင် ဒိုက်ဦးအကျဉ်းထောင်၌ ပုဒ်မ ၅၀ (ည) ဖြင့် အကျဉ်းကျနေသည့် (၃၂)နှစ်အရွယ် ကိုလင်းလင်းထွန်း(ခ) လယ်ဝေးတို့ ကျဆုံးခဲ့သည်။
ဇူလိုင်တွင် သရက်ထောင်၌ ပုဒ်မ၅၂(က)/ ၅၁(ဂ) ဖြင့် မတရားဖမ်းဆီးခံထားရသည့် (၃၉)နှစ်အရွယ် ကိုညီညီ၊အင်းစိန်ထောင်၌ပုဒ်မ ၅၀၅(က)/၅၂(က)တို့ဖြင့် အကျဉ်းချခံထားရသည့် (၄၅)နှစ်အရွယ် ကိုနေလင်းထိုက်တို့ ကျဆုံးခဲ့သည်။
ထိုအပြင် ဩဂုတ်တွင်လည်း ပြည်အကျဉ်းထောင်၌ ရဲစည်းကမ်းဖြင့် အဖမ်းခံထားရသည့် CDMရဲဝန်ထမ်း ကိုမျိုးသူ၊ နိုဝင်ဘာ ၁ ရက်တွင် သထုံအကျဉ်းထောင်၌ (၅၇)နှစ်အရွယ် ဦးသန့်ဇင်တို့ ကျဆုံးခဲ့ကြောင်း PPNM က အသိပေးသည်။
အောက်တိုဘာလတွင် ထားဝယ်အကျဉ်းထောင်၌ ပုဒ်မ (၅၀)ည နှင့်ပုဒ်မ (၅၂) တို့ဖြင့် မတရားဖမ်းဆီးခံထားရသည့် အသက် (၆၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးရဲအောင်(ခေါ်) ကိုချင်း၊ သာယာဝတီထောင်၌ ပုဒ်မ၅၀(ဂ)၊၅၀(ည)တို့ဖြင့် ဖမ်းဆီးခံထားရသည့် အသက် (၄၁)နှစ်အရွယ် ကိုဌေးအောင်ကျော်တို့ ကျဆုံးခဲ့ကြောင်း PPNMက ထုတ်ပြန်ထားသည်။
ကျန်ရှိနေသော သေဆုံးနိုင်ကျဥ်းများ၏ အချို့အလက်ကိုမူ PPNMက လက်တလောထုတ်ပြန်ခြင်း မရှိသေးပေ။
မြန်မာပြည်အကျဉ်းထောင်များသည် ရှေ့တန်းစစ်မြေပြင်သဖွယ်ဖြစ်နေပြီး ခေါင်းစဉ်အမျိုးမျိုးဖြင့် နိုင်ကျဥ်းများအား သတ်ဖြတ်ခံနေရကြောင်း၊ ဆေးဝါးလုံလောက်မှုနှင့် ဆရာဝန်လုံလောက်မှုမရှိသည့် ထောင်ဆေးရုံများသည်လည်း နိုင်ငံရေးအကျဉ်းသားများ မသေဆုံးခင် ယာယီထားသည့် နေရာများသာဖြစ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က အသိပေးထားသည်။
၂၀၂၃အတွင်းက နိုင်ငံတဝှမ်းရှိ အကျဉ်းထောင် များအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဥ်းသား ၁၇ဦးကျဆုံးခဲ့ကြောင်း PPNMထံမှ သတင်းရရှိသည်။
