ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်း၌ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် စစ်ကြောင်းက ပရစ်ကုန်း(တောင်)ကျေးရွာအား မီးရှိူ့ဖျက်ဆီးပြီး ပြည်သူနှစ်ဦးအား သတ်ဖြတ် သွားကြောင်း သတင်းရရှိသည်။
ယမန်နေ့(အောက်တိုဘာ ၃၁ရက်) နံနက် ၈နာရီခန့်က မုံရွာ – မန္တလေးလမ်းပိုင်း၌ လုံခြုံရေးယူရန် ထွက်လာသော မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းအား ရှေ့ထွက်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း BRAVE HEART ARMY -BHAမှ ၏ တာဝန်ရှိသူက ပြောသည်။
“သူတို့က ၂၀လောက်ပါတယ်။ ရှေ့ထွတ်ပြောင်းမို့ အဝေးကနေပစ်တာ။ သူတို့ကအဲ့နားမှာ တာဝန်ယူရတာ။ နှစ်ကောင်သေတယ်။ကျန်တဲ့ကောင်တွေလည်း အော်ပရေးရှင်း ဝင်နေရတယ်လို့ ဒီနေ့ထပ်သိရတယ်။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement
တိုက်ခိုက်မှုကြောင့် ပျူစောထီးနှစ်ဦး သေဆုံးကာ ၁၀ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူများ၏ ကားနှစ်စီးအား ချောဆွဲ၍ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်းသယ်ဆောင်သွားကြောင်း BHA တာဝန်ရှိသူက ဆိုသည်။
သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တိုက်ခိုက်မှုကို BRAVE HEART ARMY -BHAမှ ဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFGနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထိနာသွားသော စစ်ကြောင်းက နံနက် ၉ နာရီခန့်တွင် အင်အားဖြည့်ပြီး အနီးရှိပရစ်ကုန်းတောင်ကျေးရွာအားရမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာအတွင်းမှ ပြည်သူ ၂ ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရွာသုဿန်တွင် သတ်ဖြတ်သွားခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
“သေဆုံးတာက အမျိုးသားနှစ်ယောက်ပါ။ အသက်တွေနာမည်တွေတော့ မသိရသေးပါဘူး။”ဟု အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် မုံရွာ-မန္တလေးလမ်း ယာယီပိတ်ထားခဲ့ပြီး ယနေ့တွင် ပြန်လည်ဖွင့်ထားကြောင်း သိရသည်။
ယနေ့နေ့လည်ပိုင်းတွင်လည်း တောပုပျူစောထီးရွာမှ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
