သော်မွန်/People’s Spring
ယနေ့(ဇွန်လ ၁၉ရက်)သည် ပြည်သူလူထုက ချစ်သော၊ ပြည်သူလူထုကို ချစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့ဖြစ်သည်။ မွေးနေ့ရှင်အတွက် မေတ္တာဓာတ်ဖြင့် ထုံးမွှန်းသော ပန်းရနံ့များဖြင့် ပြည်တွင်း၊ ပြည်ပ အနယ်နယ် အရပ်အရပ်မှ ပြည်သူအများက ‘မွေးနေ့ရှင် ကျန်းမာပါစေကြောင်း’၊ ‘အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း’ ဆုမွန်ကောင်းတောင်းနေကြသည်။
မွေးနေ့ရှင်ကလည်း ၎င်းရောက်ရှိနေသည့်နေရာမှ မြန်မာပြည်သူများအတွက် စစ်အာဏာရှင်၏ ဖိနှိပ်မှု၊ အချုပ်အနှောင်ခံကာလမှ အမြန်ဆုံးလွတ်မြောက်ရန် ဆန္ဒပြုနေပါလိမ့်မည်။ စင်စစ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို စစ်ကောင်စီမှအပ မည်သူမျှ ထုတ်ဖော်အတည်ပြုနိုင်ခြင်းမရှိပေ။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းလိုက်ချိန်မှစ၍ မြန်မာပြည်သူလူထုမှာ ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ထွက်စကားကို တိုက်ရိုက်ကြားသိနိုင်ခြင်းမရှိတော့ဘဲ မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကောင်စီက ယခင်စစ်အာဏာရှင်ထက်ပင် အာဏာပါဝါပြကာ သတင်းအမှောင်ချထားခဲ့သည်။

Public Service Announcement
သို့သော် အာဏာရှင်လက်သစ်များ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာဘဲ ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ထွက်စကားကို သြစတြေးလျစီးပွားရေးပညာရှင် မစ္စတာရှောင်တာနဲလ်က မြန်မာပြည်သူများ သိရှိရန် ပြင်ပကမ္ဘာသို့ သယ်ဆောင်လာခဲ့သည်။ ပါမောက္ခရှောင်တာနဲလ်သည် NLD အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး အားကိုးယုံကြည်မှု ရှိထားသူလည်းဖြစ်သည်။
“အာဏာသိမ်းစစ်ကောင်စီကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နေသူတွေကို ဂုဏ်ယူတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှောင်တာနဲလ်ကို ပြောဆိုခဲ့သည်ဟု ရှောင်က အကြိမ်ကြိမ်ပြောပြသည်။
ပါမောက္ခရှောင်တာနဲလ်သည် စစ်အာဏာသိမ်းမှုအစပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်တွင် စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ရက်ပေါင်း ၆၅၀ တိုင် အင်းစိန်အကျဥ်းထောင်နှင့် နေပြည်တော်အကျဥ်းထောင်တို့၌ ချုပ်နှောင်ခံခဲ့ရသည်။ မစ္စတာရှောင်သည် နေပြည်တော်အကျဥ်းထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တရားရုံးချိန်းများ၌ မကြာခဏတွေ့ဆုံ စကားပြောဆိုခွင့်ရရှိခဲ့သူဖြစ်ပြီး ယင်းအခြေအနေများကို ရှောင်က ၎င်း၏ “An Unlikely Prisoner” စာအုပ်၌ ထည့်သွင်း ရေးသားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားကို ပါမောက္ခရှောင်က အထက်ပါစာအုပ်၌ သမိုင်းအက္ခရာတင်ရေးသားသလို ကမ္ဘာ့သိသတင်းဌာနများ၏ အင်တာဗျူးအစီအစဥ်များ၌လည်း ထည့်သွင်းပြောကြားသည်။ စစ်အာဏာရှင်(စစ်ကောင်စီ)ကို မြန်မာပြည်သူများ၏ တုန့်ပြန်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ယူနေကြောင်း ရှောင်က ပြောသည်။ အထူးသဖြင့် မြန်မာလူငယ်များအတွက် ဒေါ်အောင်ဆန်းစုကြည်က အလွန်ဂုဏ်ယူနေသည်ဟုဆိုပါသည်။
“သူ(ဒေါ်အောင်ဆန်းစုကြည်)နဲ့စကားပြောဖြစ်တဲ့အခါတိုင်းမှာ အာဏာသိမ်းမှုအပေါ် လူထုက တုံ့ပြန်တာကို သူဂုဏ်ယူတယ်။ အထူးသဖြင့် လွတ်လပ်မှု နဲ့ ဒီမိုကရေစီကို ခဏလေးခံစားလိုက်ရတာတောင် ဒီလောက်တုန့်ပြန်ကြတယ်ဆိုတာ အမြဲပါလေ့ရှိတယ်” ဟု ရှောင်က “An Unlikely Prisoner” စာအုပ်၌ အခိုင်အမာရေးသားသည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်တပ် အာဏာလုခဲ့သည့်နေ့မှစ၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့အကြီးအကဲများကို နံနက်မိုးမသောက်မီကတည်းက နေပြည်တော်၌ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သို့ရာတွင် စစ်တပ်အာဏာသိမ်းနိုင်ခြေကို ရိပ်စားမိသော ဒေါ်အောင်ဆန်းစုကြည်က ၎င်းယုံကြည်စိတ်ချရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ သဘာပတိ အဖွဲ့ဝင် ဦးဝင်းထိန်ထံတွင် “ပြည်သူသို့ ပန်ကြားချက်” ဟူသော စာတစောင်ကို ထားရစ်ခဲ့သည်။
အဆိုပါစာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို အချက် ၅ ချက် ပန်ကြားတင်ပြခဲ့ပြီး နံပတ် ၅ အချက်တွင် ‘စစ်တပ်အာဏာသိမ်းခြင်းကို ပြည်သူလူထုအနေဖြင့် လုံးဝလက်မခံဘဲ တခဲနက် ဆန့်ကျင်တုံ့ပြန်ကြရန် တိုက်တွန်းလိုက်ပါသည်’ ဟု ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပန်ကြားစာကို ဦးဝင်းထိန်သည် စစ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ နံနက် ၈ နာရီခန့်တွင် နေပြည်တော်ရှိ သတင်းထောက်အချို့ကို ပြသကာ စာ၏ အောက်ခြေတွင်လည်း ပန်ကြားစာမှာ ဒေါ်အောင်ဆန်းစုကြည်၏ အာဘော်အစစ်ဖြစ်ကြောင်း ၎င်း၏ အသက်နှင့်ရင်း၍ သစ္စာဆိုတိုင်တည်ဝံ့ကြောင်း လက်ရေးမူဖြင့် လက်မှတ်ရေးထိုးထားသည်။
စစ်တပ်၏ အာဏာသိမ်းမှုသည် တိုင်းပြည်အား စစ်အာဏာရှင်စနစ်အောက်သို့ ပြန်လည်သွတ်သွင်းရန် ကြိုးပမ်းသော လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူသို့ ပန်ကြားချက်” ၌ အတိအလင်းရေးသားထားသည်။
မြန်မာပြည်သူများကလည်း စစ်အာဏာရှင်ကို အလိုမရှိကြောင်း နည်းလမ်းပေါင်းစုံဖြင့် ထုတ်ဖော်ပြသနေပြီးစစ်တပ်၏ ဆိုးယုတ်ဖိနှိပ်မှုများကြားမှ စစ်အာဏာရှင် ပြုတ်ကျရေးအတွက်ပြည်သူအများစုသည် နည်းလမ်းမျိုးစုံဖြင့် အစွမ်းကုန်ကြိုးပမ်းနေကြသည်။ စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့်နည်းလမ်းမှ လက်နက်ကိုင်တွန်းလှန်တိုက်ပွဲဝင်နေသည်အထိ ဖြစ်သည်။
တဖက်တွင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ပေါင်း ၃၀ ကျော် နိုင်ငံရေးခရီးတွင် အကြမ်းမဖက်ရေးမူကို တစိုက်မတ်မတ်ကိုင်စွဲကျင့်သုံးခဲ့သောကြောင့် လက်ရှိနွေဦးတော်လှန်ရေးနှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများရှိနေသည်။
ထူးခြားသည်မှာ စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း စစ်ကောင်စီက ၎င်း၏ လက်ခုပ်ထဲရှိ ဒေါ်အောင်ဆန်းစုကြည်အား လက်ရှိနွေဦးတော်လှန်ရေးအပေါ် အမြင်ကို ဖော်ထုတ်နိုင်စွမ်းမရှိပေ။ စစ်ကောင်စီက ၎င်းတို့ တဖက်သတ် ဝါဒဖြန့်မှုများသာ လုပ်ဆောင်ခဲ့ပြီး သမာသမတ်ကျသော နိုင်ငံတကာသံတမန်များ၊ ကိုယ်စားလှယ်များ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် မပေးရဲပေ။
စစ်ကောင်စီက နွေဦးတော်လှန်ရေးကို ပျက်ပြားစေရန် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေများမှတဆင့် မှတ်ချက်ပြုရန် ၊စစ်ကောင်စီ လိုလားသော NLD ပါတီဝင်အချို့ ၊စစ်ကောင်စီလိုလားသော သံတမန်အချို့နှင့် ပေးတွေ့ပြီး ထောင်ချောက်များစွာဆင်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ ထောင်ချောက်များကို ရှောင်ရှားနိုင်ခဲ့သည်။ ဗြီတိလျှကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့သော်လည်း နှစ် ၆၀ ကျော် ဖိနှိပ်ခဲ့သည့် စစ်အာဏာရှင်စနစ်အောက်မှလွတ်မြောက်ရန် ဒုတိယလွတ်လပ်ရေးအတွက်တိုက်ပွဲဆင်နွှဲနေသော လူထုတော်လှန်ရေးအပေါ်ထိခိုက်စေမည့်စကားတစ်ခွန်းမျှ သူမဆိုခဲ့ပေ။
မင်းအောင်လှိုင်နှင့်အပေါင်းအပါ စစ်ဗိုလ်ချုပ်များသည် လူထုခေါင်းဆောင်ကို မတရားသဖြင့် အမှု ၁၉ မှု လုပ်ကြံဖန်တီးကာ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့ကာ လွတ်ငြိမ်းသက်သာခွင့်များပေးခဲ့သည့်တိုင် ထောင်ဒဏ် ၂၇ နှစ် ကျန်ရှိနေဆဲဖြစ်သည်။ စစ်ကောင်စီသက်ဆိုးရှည်နေပါက ပြည်သူများအနေနှင့် နောက်တစ်ကြိမ်ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ခွင့်မရအောင် အညှိုးတကြီးဖြင့် ကြံစည်ထားခြင်းဖြစ်သည်။
ယခင်စစ်အာဏာရှင်များက လူထုခေါင်းဆောင်ကို အမှုဆင် နှစ်ရှည်ထောင်ဒဏ်များချမှတ်သော်လည်း နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်များသည်။ ယခုတွင်မူ ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်နေရာ၌ ထားရှိသည်ကို မိသားစုဝင်များပင် သိရှိခြင်းမရှိပေ။
နေပြည်တော်အကျဥ်းထောင်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် လအတန်ကြာ အမှုအတူရင်ဆိုင်ခဲ့ရသူ ပါမောက္ခရှောင်တာနဲလ်က “အမှုစစ်နေတဲ့ ကာလတလျှောက်လုံးမှာ ဒေါ်စုဟာ ကျွန်တော်တို့ကို စိတ်ခွန်အားတွေပေးခဲ့ပါတယ်။ ကျွန်တော်တို့အားလုံးအပေါ် သူ့ဆက်ဆံရေးက အရင်ကလိုပဲ။ တည်ကြည်တယ်။ ခိုင်မာတယ်။ ဂရုစိုက်တယ်။ သူကိုယ်တိုင်ကြုံနေရတဲ့ ဒုက္ခတွေရဲ့ အထက်မှာ နေနိုင်တယ်ဆိုတာကိုလည်း သူ သက်သေပြသွားတယ်” ဟု ၎င်း၏ အကျဥ်းထောင်မှတ်တမ်းစာအုပ်၌ ထည့်သွင်းရေးသားသည်။
ထို့အပြင် မကြာသေးခင်က ပါမောက္ခရှောင်တာနဲလ်က ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်၏ လက်ရှိအခြေအနေအများစုကို သိရှိလိမ့်မည်ဟု VoA သတင်းဌာနသို့ ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ကို ခုခံတော်လှန်ဖို့ဆိုတာ အခုလုပ်ကို လုပ်ရမယ့် ကိစ္စကို လုံးလုံး ထောက်ခံနေတယ်ဆိုတာ လုံးဝသေချာပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ တော်လှန်ရမယ်ဆိုတာမျိုးကိုတော့ ကျွန်တော်တပ်အပ် မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒါက စစ်တပ်ကို ပြင်းပြင်းထန်ထန် ခုခံရမယ်ဆိုတာကတော့ အသေအချာပါပဲ” ဟု ရှောင်က ဆက်ပြောသည်။
