လူကုန်ကူးမှု သားကောင်တွေကို ကူညီပေးနေတဲ့ ထိုင်းအဖွဲ့အစည်း တစ်ခုက မြန်မာနိုင်ငံမှာ တရုတ် ရာဇဝတ်ဂိုဏ်း တစ်ခုရဲ့ မတရား ချုပ်နှောင် ခိုင်းစေမှုကို ခံနေရတဲ့ လူကုန်ကူး ခံရသူ ၁၁၀ တို့လွတ်မြောက်ရေး ကူညီပေးဖို့ ထိုင်းအစိုးရနဲ့ နိုင်ငံတကာ သံရုံးတွေကို တောင်းဆိုလိုက်ပါတယ်။
လူကုန်ကူးမှု သားကောင်များ အကူအညီပေးရေး ပြည်သူ့ကွန်ရက်အဖွဲ့က ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာအပြင် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိတွေ၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ထိုင်းနိုင်ငံအခြေစိုက် သံရုံး ၉ ခုတို့ဆီ လိပ်မူပြီး အဲဒီအရေးကို အလေးထား တုံ့ပြန် ကူညီပေးကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့ ရက်စွဲနဲ့ အဲဒီ အဖွဲ့က ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာဟာ ထိုင်းအာဏာပိုင် အဖွဲ့အစည်းတွေအပြင် ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ကရင်နယ်ခြားစောင့်တပ်(BGF)၊တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA)စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကိုပါ လိပ်မူထားပြီး လူကုန်ကူး ခံရသူတွေ အမြန်ဆုံး လွတ်မြောက်ရေး အကူအညီပေးဖို့ ပန်ကြားထားပါတယ်။
အဲဒီ လူကုန်ကူးမှု သားကောင်တွေဟာ တရုတ် ရာဇဝတ်ဂိုဏ်းက လည်ပတ်နေတဲ့ အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခြင်း ခံနေရကြောင်း၊ အဲဒီ ဂိုဏ်းဟာ BGFက ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အခြေစိုက် လှုပ်ရှားနေကြောင်းလည်း အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement
လူကုန်ကူးမှု သားကောင်တွေ စာရင်းမှာ စုစုပေါင်း နိုင်ငံ ၉ ခုရဲ့ နိုင်ငံသားတွေ ပါဝင်ကြောင်း၊ အဲဒီထဲမှာ ဖိလစ်ပိုင်က ၃၆ ဦး ပါဝင်ကြောင်းလည်း ဆိုပါတယ်။ သူတို့တွေဟာ လူမှုကွန်ရက် မီဒီယာတွေကနေတဆင့် တရုတ်စကားပြောတဲ့ အေးဂျင့်တွေက ထိုင်းနိုင်ငံမှာ လစာကောင်းကောင်းနဲ့ အလုပ်ပေးမယ်ဆိုတဲ့ သိမ်းသွင်း စည်းရုံးမှုကို ယုံစားမိပြီး ဒုက္ခတွေ့ခဲ့ကြတာလို့ ဆိုပါတယ်။
တရုတ်ဒုစရိုက်ဂိုဏ်းဟာသူတို့အတွက်ခရီးစရိတ်၊ စာရွက်စာတမ်း စရိတ်တွေ စိုက်ထုတ်ပေးပြီး ထိုင်းနိုင်ငံဖက်ခြမ်း၊ မဲဆောက်ကနေတဆင့် မြန်မာ ပိုင်နက်ထဲ ခေါ်ဆောင်သွားတာဖြစ်ပါတယ်။
နောက်တော့ သူတို့ရဲ့ ဖုန်းတွေကို သိမ်းဆည်းပြီး စိုက်ထုတ်ငွေတွေအတွက် အကြွေးတင်ကြောင်း စာချုပ်တွေကို အတင်းလက်မှတ်ရေးထိုးခိုင်းသလို အဓမ္မ ခိုင်းစေတာ၊ ကိုယ်ထိလက်ရောက် ညှင်းဆဲနှိပ်စက်တာ၊ သူတို့တွေ နေရပ်ပြန်ချင်ရင် မိသားစုက ပြန်ပေးငွေ ပေးဆောင်ရမယ်လို့ အကျပ်ကိုင်တာတွေ လုပ်ဆောင်လာပါတယ်။
လူကုန်ကူး ခံရတဲ့ သားကောင် အများစုဟာ အခုအခါမှာတော့ အဖွဲ့ရဲ့ ကူညီပေးမှုကြောင့် မိသားစုတွေ၊ သက်ဆိုင်ရာ နိုင်ငံ သံရုံးတွေနဲ့ အသီးသီး အဆက်အသွယ် ရထားကြပြီလို့ ဆိုပါတယ်။
ထိုင်း-မြန်မာ နယ်စပ်နားမှာ အခြေစိုက်တဲ့ အဲဒီ တရုတ် ဒုစရိုက် ဂိုဏ်းတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး လူမှောင်ခို သားကောင်တွေကို မြန်မာပိုင်နက်ထဲ ခေါ်သွင်းဖို့အတွက် မဲဆောက်မြို့ကို ကိုယ်ကျိုးရှာ အသုံးချနေကြောင်း၊ မြစ်တစ်ဖက်ကမ်းမှာတော့ BGFနဲ့ DKBA ထိန်းချုပ် နယ်မြေထဲ ရောက်သွားတာကြောင့် သူတို့ကို ကယ်ထုတ်ဖို့ ဆိုတာက အရမ်းခက်ခဲသွားကြောင်းလည်း အိတ်ဖွင့်ပေးစာ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
အမေရိကန် ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (USIP)ရဲ့ ၂၀၂၄ ခုနှစ်၊ မေလ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နိုင်ငံတွေမှာ အခြေစိုက်တဲ့ ဒုစရိုက် ဂိုဏ်းတွေဟာ ငွေကြေးလိမ်လည်မှုတွေကနေ ခန့်မှန်းခြေ ဒေါ်လာ ၄၃.၈ ဘီလီယံလောက် နှစ်စဉ် ရရှိနေတယ်လို့ သိရပါတယ်။ အွန်လိုင်း အခြေပြု ငွေလိမ် လုပ်ငန်းတွေဟာ ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုနဲ့ လူ့အခွင့်အရေး ကဏ္ဍတွေကို ကြီးကြီးမားမား ခြိမ်းခြောက်လာနေတယ်လို့လည်း USIPက သတိပေးထားပါတယ်။
လူကုန်ကူးမှု သားကောင်များ အကူအညီပေးရေး ပြည်သူ့ကွန်ရက်အဖွဲ့ကတော့ ထိုင်းဟာ လောလောလတ်လတ်အဖြစ် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ် ရွေးကောက်ခံထားရတာကို ထောက်ပြခဲ့ပြီး လူသားချင်း စာနာမှုကို အားပေးတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပိုပြီး အားထုတ် ပါဝင်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
ကိုးကား- Transborder News
