ဆေးဝါးတင်သွင်းမှုနှင့် ရောင်းချမှုအပေါ် တင်းကြပ်လာ၍ ဆေးဝါးတင်သွင်းရောင်းချသောကုမ္ပဏီကြီးအချို့လုပ်ငန်းရပ်နား
ဒေါ်လာ ၊ရွှေ ၊စားအုန်းဆီ ၊ ဆန် ၊ဘဏ် လုပ်ငန်းများပြီးနောက် ဆေးဝါးလုပ်ငန်းများကိုစစ်ကောင်စီပိုတင်းကြပ်လာ
စောနွေဦး/People’s Spring
ပြည်တွင်း၌ ဆေးဝါးများ ရှားပါးလာပြီး ဈေးတက်နေချိန်တွင် စစ်ကောင်စီက ဈေးကျစေရန် ဆိုကာ ဆေးကုမ္ပဏီများကို အရောင်းပြပွဲလုပ်၍ တိုက်ရိုက်ရောင်းချခိုင်းနေကြောင်း ဆေးကုမ္ပဏီထံမှသိရသည်။
စစ်ကောင်စီက ၂၀၂၃ ဇူလိုင်လမှစတင်ပြီး ပြည်ပမှဆေးဝါးတင်သွင်းမှုကို လိုင်စင်ကန့်သတ်ပြီးနောက်တွင် ဈေးကွက်အတွင်း ဆေးဝါးများ ရှားပါးပြီး အဆမတန်ဈေးနှုန်းမြင့်တက်လာခြင်းအပေါ် ဖြေရှင်းရန် စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကဆေးကုမ္ပဏီများကို ဈေးကွက်အတွင်းဖိအားပေးရောင်းချခိုင်းခြင်းဖြစ်သည်ဟု ဆေးဝါးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“ဈေးကွက်ထဲမှာ ဈေးဝါးပြတ်လပ်တာနဲ့ ဈေးကြီးတာတွေဖြစ်နေလို့ အခုလို့ ကုမ္ပဏီတွေကို ရောင်းချခိုင်းတာပါ။ ပြည်ပဆေးဝါးတင်သွင်းတာကို ပြန်လည်ဖြေလျော့ပေးတယ်ဆိုပေမယ့် တင်သွင်းဖို့ ဒေါ်လာက ရှာရအရမ်းခက်နေတယ်”ဟု ဆေးဝါးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement
ဆေးဝါးဈေးတက်ခြင်းမှာ ဆေးဝါးတင်သွင်းခွင့်လိုင်စင်များကို ကန့်သတ်လိုက်၍ တင်သွင်းမှုနည်းကာဆေးရှားပါးလာ ခြင်း ။ဒေါ်လာတန်ဖိုးတက်ပြီး ကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းနေ၍ ကျန်ကုန်စည်များကဲ့သို့ ဈေးတက်ခြင်း မှာအဓိကအကြောင်းရင်းဖြစ်ကြောင်းဆေးဝါးတင်သွင်းရောင်းချသောလုပ်ငန်းရှင်အချို့ကပြောသည်။
သို့သော်စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ဆေးဝါးနှင့် ဆေးဝါးပစ္စည်းတင်သွင်းရောင်းချသူများအသင်း ၏ အသင်းဝင် ဆေးကုမ္ပဏီ ၄၀ခန့်ကို “ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ”ဟုသောခေါင်းစဥ် ရန်ကုန်မြို့တွင် ဇူလိုင် ၁၇ ရက်က စတင်ပြုလုပ်ခဲ့သည်။ ထိုသို့ရောင်းချခြင်းမှာ စီးပွားရေးအရတွက်ချက်မကိုက်ကြောင်းနှင့် ရေရှည်တွင် အဆင်ပြေမည်မဟုတ်ကြောင်းလည်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“အရင်က သမဝါယခေတ်ကလို အကုန်လုံးကို သူတို့ထိန်းချုပ်ထားပြီး လုပ်ကိုင်ချင်တဲ့ သဘောပါပဲ။ ဘာကုန်ပစ္စည်းမဆို ဘယ်လောက်နဲ့ ရောင်းရမယ်ဆိုပြီးအာဏာနဲ့ သတ်မှတ်ချင်တဲ့ စိတ်ပဲရှိတယ်။ သူတို့မှာ (စစ်ကောင်စီ) စီးပွားရေးအရအမြင်ဘာမှမရှိဘူး”ဟု အဆိုပါလုပ်ငန်းရှင်ကပြောသည်။
ထိုအရောင်းပြပွဲကို လက်ရှိတွင် ရန်ကုန်မြို့ ၊ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့ ၊ရန်ကုန်တိုင်းဦးစီးရုံး ၌ ဇူလိုင် ၁၇ညရက်မှစတင်ရောင်းချပေးနေခြင်းဖြစ်သည်။သို့သော် အချိန်ကာလ မည်မျှအထိရောင်းချမည်ကိုမူ မသိရသေးကြောင်း လုပ်ငန်းရှင်အချို့ကပြောသည်။သို့သော် စီးပွားရေးအရ တွက်ခြေမကိုက်ခြင်း ၊ရောင်းပေးနိုင်သည့်နေရာ အနည်းငယ်သာရှိခြင်း စသည်တို့ကြောင့်ရေရှည်တွင် အလုပ်မဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်အချို့ကပြောသည်။
စစ်ကောင်စီက ဈေးတင်ရောင်းသည်အကြောင်းပြချက်ဖြင့် ရွှေ၊ဒေါ်လာ ၊ စားအုန်းဆီ ၊ ဆန် ရောင်းဝယ်သောလုပ်ငန်းရှင်၊ ဘဏ် လုပ်ငန်းများကို ဖမ်းဆီးခြင်း ၊ စစ်ဆေးခြိမ်းခြောက် အရေးယူခြင်းစသောနည်းလမ်းများဖြင့် ဈေးကျအောင် ပြုလုပ်နေရာ ယခုအခါ ဆေးဝါးတင်သွင်းရောင်းချသူများကို ပစ်မှတ်ထားလာခြင်းဖြစ်သည်။
ဆေးဝါးတင်သွင်းမှု နှင့် ရောင်းချမှုကို ကန့်သတ်လိုက်သဖြင့် လုပ်ငန်းလည်ပတ်ရန်ခက်ခဲလာပြီး ၊ အချိန်မရွေးဖမ်းဆီးတရားစွဲခံရနိုင်သည်ဆိုသောမလုံခြုံမှုတို့ကြောင့် ဆေးဝါးတင်သွင်း ရောင်းချသောကုမ္ပဏီနှင့် ကုမ္ပဏီအုပ်စုအချို့မှာ ဝန်ထမ်းများကို နစ်နာကြေးပေးပြီးလုပ်ငန်းများရပ်နားမှု ရှိလာကြောင်းလည်း လုပ်ငန်းရှင်အချို့ နှင့် ဆေးကုမ္ပဏီဝန်ထမ်းအချို့ ကပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားမှ တင်သွင်းသည့် ဆေးဝါးများ ဈေးနှုန်းမြင့်တက်နေပြီး လက်ရှိပေါက်ဈေးနှင့် စစ်တပ်အာဏာမသိမ်းခင်ဈေးနှုန်း နှိုင်းယှဥ်ပါက အနည်း
ဆုံး ၃ ဆမှ ၄ ဆအထိမြင့်တက်နေသည်ဟု ဆေးအရောင်းဝန်ထမ်းများထံမှသိရသည်။ ကျပ်ငွေတန်ဖိုးဖောင်းပွပြီး ငွေလဲနှုန်း မငြိမ်သဖြင့် မတက်ဈေးနှင့် ညဈေးပင်မတူကြောင်းဈေး သို့သော် ဆေးဝါးများမှာဈေးတက်သော်လည်း အရည်အသွေးကောင်းပြီး ဝယ်သူများသော ဆေးများမှာ ရှားပါးပြတ်လပ်မှုလည်းရှိလာသည်။ ယခင်က တရုတ် နှင့် အိန္ဒိယဆေး အများစုတင်သွင်းရောင်းချရာမှ ဘဂ်လားဒေရှ် ကဲသို့နိုင်ငံမှဆေးများဝင်ရောက်လာကြောင်းလည်းသိရသည်။
လတ်တလောတွင် အကိုက်အခဲပျောက်ဆေး၊ အာရုံကြောအားဆေး၊ အစာအိမ်ဆေး၊ လေဆေး၊ဒဏ်ကြေလိမ်းဆေးစသည့် နိုင်ငံခြားမှတင်သွင်းရသည့်ဆေးဝါးများက ဈေးနှုန်းများမြင့်တက်နေသည်ဟု သုံးစွဲသူများထံမှသိရသည်။ နှလုံး၊ ဆီးချို၊ သွေးတိုးနှင့်ကျောက်ကပ်ဆေးများက ဝယ်ယူရန် ခက်ခဲနေသည်ဟုလည်း ပုံမှန်ဆေးဝယ်နေရသူများထံမှသိရသည်။ ဆေးဈေးများတက်ပြီး ရှားပါးလာသဖြင့်ဆေးစွဲသောက်ရသူများ ၊ အခြေခံပြည်သူများအတွက် ဆေးဝါးဝယ်ယူသုံးစွဲရန် ပိုခက်ခဲလာကြောင်း ပြည်သူများကပြောသည်။
စစ်ကောင်စီသည် ကျပ်ငွေတန်ဖိုးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းများတက်ခြင်းအပေါ် လုပ်ငန်းရှင်များကြောင့်ဈေးတက်သည်ဟု လွှဲချကာ အရေးယူသောနည်းဖြင့် ရေတိုဖြေရှင်ရန် ကြိုးစားနေပြီး ကုန်ဈေးနှုန်းများတက်ခြင်းမှာ ဘက်ဂျက်လိုငွေအတွက် ငွေစက္ကူအများအပြားရိုက်နှက်ခြင်း ၊ နိုင်ငံစီးပွားရေးကျဆင်းခြင်းစသည်တို့ကြောင့်ဖြစ်ကြောင်း လုပ်ငန်းရှင်များကပြောသည်။
စစ်ကောင်စီသည် စစ်တပ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၄ခုနှစ် မေလအထိ သုံးနှစ်ကျော်အတွင် ကျပ်ဘီလီယံပေါင်း ၃၀၀၀၀ ကျော်ရိုက်နှိပ်ခဲ့ကြောင်း NUG စီမံကိန်း ၊ဘဏ္ဍာရေး နှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြီးခဲ့သည့် ဇွန် ၃ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်
၂၀၁၉ ၊၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါကိုးဗစ်ဖြင့် ရင်ဆိုင်နေရပြီး စီးပွားရေးလုပ်ငန်းများသို့ ချေးငွေများစွာထုတ်ပေးနေချိန်မှာပင် ၂ နှစ်အတွင်း ကျပ်ငွေ ၃၆၀၀ ဘီလီယံသာ အသစ်ရိုက်နှိပ်ခဲ့ကြောင်း ၎င်းကပြောသည်။ ထိုကြောင့် ၃ နှစ်ကျော်အတွင်း ကျပ်ဘီလီယံ ၃၀၀၀၀ ကျော် ရိုက်နှိပ်ခြင်း နှင့် ၂ နှစ်တွင် ကျပ်ဘီလီယံ ၃၆၀၀ ရိုက်နှိပ်ခြင်းကို နှိုင်းယှဥ်၍ စစ်ကောင်စီငွေစက္ကူများရိုက်နှိပ်နေမှု အခြေအနေကို သုံးသပ်နိုင်ကြောင်း၎င်းကပြောခဲ့သည်။
ထိုအပြင် ဇွန်လ တွင် ဘဏ် ၇ ဘဏ်ကို စစ်ကောင်စီက အရေးယူခြင်း ၊ဘဏ်လုပ်ငန်းရှင်အချို့ကို ဖမ်းဆီးစစ်ဆေးမှုကြောင့် ဘဏ်များမှ ငွေပြန်ထုတ်သူများလွန်းသဖြင့် ဘဏ်များက အကန့်အသတ်ဖြင့်သာငွေထုတ်ပေးခဲ့သည်။ထိုနောက် စစ်ကောင်စီက အသစ်ထပ်မံရိုက်နှိပ်ထားသောငွေစက္ကူများကို ဘဏ်များကို ဘဏ်များမှတဆင့်ထပ်မံဖြန့်ချီလာပြန်ကြောင်း လုပ်ငန်းရှင်အချို့ကပြောသည်။
