အာဏာသိမ်းဖို့ ကြံစည် အားထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုဟာ ထောင်ဒဏ် ၂၇ နှစ်ကျော် ချမှတ်ခြင်း ခံခဲ့ရပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့တုန်းက တရားရုံးချုပ် တရားသူကြီး ၅ ဦးပါဝင်တဲ့ ခုံအဖွဲ့က အဲဒီစီရင်ချက်ကို ကြေညာခဲ့တာပါ။ စွဲချက်တွေအတွက် သမ္မတဟောင်းမှာ အပြစ်ရှိတယ်လို့ ခုံအဖွဲ့က ဆုံးဖြတ်ပြီး နာရီပိုင်းလောက် အကြာမှာပဲ ဘော်လ်ဆိုနာရိုကို ထောင်ဒဏ် ၂၇ နှစ်နဲ့ ၃ လ ချမှတ်တဲ့ စီရင်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဘော်လ်ဆိုနာရိုဟာ ၂၀၂၂ ရွေးကောက်ပွဲတုန်းက လက်ရှိ သမ္မတ လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားကို အရေးနိမ့်ခဲ့တဲ့နောက် အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ဖို့ မလျော်မကန် နည်းလမ်းတွေကို ကြံစည်ခဲ့တယ်လို့ တရားသူကြီး ၄ ဦးက ဆုံးဖြတ်ခဲ့ပါတယ်။ အပြီးသတ် စီရင်ချက်အတွက် မဲပေးရာမှာတော့ တရားသူကြီး ၄ ဦးက ဘော်လ်ဆိုနာရိုမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ၁ ဦးကသာ သူ့ကို ကွင်းလုံးကျွတ် လွှတ်ပေးသင့်ကြောင့် သဘောထားမှတ်ချက် ပေးခဲ့ပါတယ်။
ဘော်လ်ဆိုနာရိုရဲ့ ရှေ့နေတွေကတော့ အဲဒီ စီရင်ချက်ဟာ အရမ်းဆိုးဆိုးရွားရွားကြီး လွန်ကဲလွန်းနေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ တရားရုံး စီရင်ချက်မှာတော့ လက်ယာစွန်း အမျိုးသားရေးဝါဒီ နိုင်ငံရေးသမား အနေနဲ့ ၂၀၃၃ ခုနှစ်ထိ ရွေးကောက်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိဘူး ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement
ဘော်လ်ဆိုနာရိုဟာ ပြည်ပကို ထွက်ပြေး တိမ်းရှောင်သွားနိုင်ကြောင်း စိုးရိမ်မှုကြောင့် နေအိမ် အကျယ်ချုပ် အချခံထားရပြီး နောက်ဆုံး စီရင်ချက် အတွက်လည်း တရားခွင်ကို မတက်ရောက်နိုင်ခဲ့ပါဘူး။ တရားစီရင် စစ်ဆေးနေဆဲ ကာလအတွင်းမှာ ဘော်လ်ဆိုနာရိုက သူ့အပေါ် စွပ်စွဲချက်တွေဟာ နိုင်ငံရေးအရ လုပ်ကြံတာသာဖြစ်ပြီး ၂၀၂၆ ရွေးကောက်ပွဲမှာ ဝင်မပြိုင်နိုင်အောင် ပြိုင်ဘက်တွေက အကောက်ကြံထားတာလို့ စွပ်စွဲဖူးပါတယ်။
အခုတော့ အသက် ၇၀ အရွယ် ဘော်လ်ဆိုနာရိုဟာ လက်ကျန်ဘဝသက်တမ်းကို ထောင်ထဲမှာ ကုန်ဆုံးရနိုင်ခြေ အလားအလာမျိုး ရင်ဆိုင်နေရပါပြီ။ ဘော်လ်ဆိုနာရိုရဲ့ ရှေ့နေတွေက ပြစ်ဒဏ်ကို အယူခံဝင်မယ်လို့ ပြောပေမယ့် ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ အောင်မြင်နိုင်ခြေ နည်းလွန်းတယ်လို့ သုံးသပ်ထားပါတယ်။
ဘော်လ်ဆိုနာရိုဟာ စွဲချက် ၅ ခုအတွက် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခံခဲ့ရပြီး အားလုံးက ၂၀၂၂ ရွေးကောက်ပွဲအပြီးမှာ သူ့ရဲ့ ဩဇာခံ စစ်ဘက် ခေါင်းဆောင် တချို့နဲ့ ပူးပေါင်းပြီး အာဏာသိမ်းဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာအပေါ် အခြေခံပါတယ်။ ဒါပေမဲ့လည်း အစိုးရ ရှေ့နေတွေကတော့ ဘော်လ်ဆိုနာရိုဟာ ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက လိုအပ်လာရင် အာဏာသိမ်းဖို့ ကြိုတင် ပြင်ဆင်ထား၊ ကြံစည်ထားခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ဒါကြောင့်လည်း ရွေးကောက်ပွဲရဲ့ မဲပေးစနစ် မှန်မမှန် ဆိုတာတွေကို မေးခွန်းထုတ်တာ၊ စစ်တပ်က အာဏာသိမ်းသင့်တယ်လို့ နှပ်ကြောင်းပေးတာတွေ လုပ်ခဲ့တာဖြစ်တယ်လို့ အစိုးရ ရှေ့နေတွေက စွပ်စွဲပါတယ်။ နောက်ပြီး ဘော်လ်ဆိုနာရိုဟာ ရွေးကောက်ပွဲကြို ကာလမှာ လူလာ၊ သူ့ရဲ့ ဒုတိယ သမ္မတလောင်းနဲ့ တရားရုံးချုပ် တရားသူကြီး တစ်ဦးတို့ကို လုပ်ကြံဖို့ ရည်ရွယ်ထားတဲ့ အစီအစဉ် တစ်ခုကိုလည်း သိရှိထားတယ်လို့ အစိုးရ ရှေ့နေတွေက ဆိုပါတယ်။
တရားရုံးချုပ်က ဘော်လ်ဆိုနာရိုရဲ့ အာဏာသိမ်းမယ့် အကြံအစည်မှာ ပူးပေါင်းခဲ့တဲ့ စစ်တပ် အကြီးအကဲတချို့ အပါအဝင် ကြံရာပါ ၇ ဦးကိုလည်း အပြစ်ရှိကြောင်း ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ အဲဒီထဲမှာ ကာကွယ်ရေး ဝန်ကြီးဟောင်း နှစ်ဦး၊ ထောက်လှမ်းရေး အကြီးအကဲဟောင်း တစ်ဦးနဲ့ လုံခြုံရေး ဝန်ကြီးဟောင်း တစ်ဦးတို့လည်း ပါဝင်ပါတယ်။
တရားရုံး ကြားနာမှု မှတ်တမ်းတွေအရ စစ်အာဏာသိမ်းဖို့ တပ်တွင်း စည်းရုံးမှုတွေဟာ ထင်သလောက် မအောင်မြင်ခဲ့တာကြောင့် အစီအစဉ် အထမမြောက်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့တုန်းက ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေက မြို့တော် ဘရာစေလီယာမှာရှိတဲ့ အစိုးရ အဆောက်အအုံတွေကို အကြမ်းဖက် စီးနင်းမှု အထမြောက်အောင်တော့ လှုံ့ဆော်ပေးခဲ့တယ်လို့ သိရပါတယ်။
တရားရုံးချုပ် ခုံအဖွဲ့ထဲမှာ ဘော်လ်ဆိုနာရိုကို အပြစ်ရှိကြောင်း မထောက်ခံတဲ့ တစ်ဦးတည်းသော တရားသူကြီးက လူးဝစ်ဇ်ဖက်စ်ပါ။ သူက စွဲချက်တွေဟာ ခိုင်လုံမှု မရှိဘူးလို့ ဝေဖန်ခဲ့ပြီး ဘော်လ်ဆိုနာရိုကို တရားသေ လွှတ်ပေးသင့်တယ်လို့ မဲပေးသွားခဲ့တာ ဖြစ်ပါတယ်။
ဘော်လ်ဆိုနာရိုဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမာခံ မဟာမိတ် တစ်ဦးလည်း ဖြစ်ခဲ့ပြီး အပူပိုင်းဇုန်ရဲ့ ထရမ့်လို့တောင် ညွှန်းဆို ခံရသူပါ။ သူ့မိတ်ဆွေရဲ့ သတင်းဆိုးကို ကြားသိရတဲ့နောက် ထရမ့်က စီရင်ချက်အပေါ် အရမ်း အံ့ဩမိတယ်လို့ ပြောပါတယ်။
ဘော်လ်ဆိုနာရိုရဲ့ တရားခွင်ကို သူစောင့်ကြည့်ခဲ့ကြောင်း၊ သူ့ကို နိုင်ငံခြား ခေါင်းဆောင် တစ်ဦးအနေနဲ့ ကောင်းကောင်း သိကျွမ်းထားကြောင်း၊ ဘော်လ်ဆိုနာရိုဟာ ဘရာဇီးအတွက် ထူးချွန်တဲ့ သမ္မတတစ်ဦးလို့ သူယူဆထားပြီး အခုလို ကိစ္စမျိုး ဖြစ်သွားတယ် ဆိုတာကို အံ့ဩမိကြောင်း ထရမ့်က ဆိုပါတယ်။ ထရမ့်ဟာ ဘော်လ်ဆိုနာရိုကို တရားစီရင် စစ်ဆေးနေတဲ့ ကာလအတွင်းမှာ သူ့ကို ကွင်းလုံးကျွတ် လွှတ်ပေးဖို့ တောင်းဆိုဖူးပေမယ့် စီရင်ချက်နဲ့ ပတ်သက်လို့တော့ တူးတူးခါးခါး ရှုတ်ချတာမျိုး မရှိသေးပါဘူး။
သူက ဘော်လ်ဆိုနာရိုကို ဘရာဇီးရဲ့ သမ္မတ အနေနဲ့ သိကျွမ်းခဲ့ပြီး လူကောင်းတစ်ယောက် ဆိုတာကို သဘောပေါက်ကြောင်း၊ ဒီလိုတွေ ဖြစ်လာမယ်လို့တော့ မထင်ခဲ့ကြောင်း ထရမ့်က ဆက်ပြောသွားခဲ့ပါတယ်။
ကိုးကား: CNN

















































