close
Connect with us

Hi, what are you looking for?

သတင်း

တရုတ်ဖိအား၊ စစ်တပ်၏အကြမ်းဖက်တိုက်ခိုက်မှုများ တွန်းလှန်နိုင်မည့် အားကောင်းသောပူးပေါင်းမှု လုပ်ရန် တအာင်းပြည်ကောင်စီ တိုက်တွန်း

နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း အရေးကြီးဆုံးကာလဖြစ်၍ ဖိအားနှင့် အခက်အခဲများကို တွန်းလှန်နိုင်မည့် အားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် တအာင်းပြည်ကောင်စီ(TLC) ဒုဥက္ကဋ္ဌ(၁) လွေးမိုးခမ်းက တော်လှန်ရေးအင်အားစုများအား တိုက်တွန်းသည်။

TNLA တပ်ဖွဲ့ဝင်များ 

“ကျမတို့အောင်မြင်မှုအားလုံးဟာလည်းတော်လှန်ရေးကြီးတခုလုံးရဲ့ အောင်မြင်မှုဖြစ်သလို၊ကျမတို့ ရှုံးနိမ့်မှု အားလုံးဟာလည်း ကျမတို့ တော်လှန်ရေးကြီးတခုလုံးရဲ့ ရှုံးနိမ့်မှုဖြစ်ပါတယ်ဆိုတာကို လက်တွေ့ အားလုံး သိသိသာသာ ထင်ထင်ရှားရှား ကျမတို့ မြင်နေကြရပါတယ်”
လွေးမိုးခမ်း -TLC ဒုတိယဥက္ကဌ

စက်တင်ဘာ-၁၂၊ ၂၀၂၅။ထားမြတ်/People’s Spring

နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း အရေးကြီးဆုံးကာလဖြစ်၍ ဖိအားနှင့် အခက်အခဲများကို တွန်းလှန်နိုင်မည့် အားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် တအာင်းပြည်ကောင်စီ(TLC) ဒုဥက္ကဋ္ဌ(၁) လွေးမိုးခမ်းက တော်လှန်ရေးအင်အားစုများအား တိုက်တွန်းသည်။

စက်တင်ဘာ ၂ရက်က ကျင်းပခဲ့သောမန္တလေးဒေသပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှု စင်္ကြန် ပထမအကြိမ်ဖွင့်ပွဲအခမ်းအနားတွင် တအာင်းပြည်ကောင်စီ(TLC) ဒုဥက္ကဋ္ဌ(၁) က TLC ဥက္ကဋ္ဌ နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ကိုယ်စား အမှာစကား ပြောကြားစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အခုဆိုရင် ကျမတို့နဲ့အတူ တော်လှန်ရေးတခုလုံးအပေါ်မှာ ကျရောက်နေတဲ့ တရုတ် ဖိအားပေးမှုတွေ ၊ စကစ ရဲ့ အကြမ်းဖက် တိုက်ခိုက်နေမှုတွေကို စစ်ရေးအရ အတူတကွ ခုခံတော်လှန်ရမယ့် အခြေအနေတွေလည်း အတက်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်ကြဖို့အများကြီးလိုအပ်ပါတယ်။ တော်လှန်ရေးရဲ့ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ ဖိအားတွေကို တွန်းလှန်နိုင်မယ့်အားကောင်းတဲ့ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ကိုလည်း ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု TLC ဒုဥက္ကဋ္ဌ လွေးမိုးခမ်းက ပြောကြားသည်။

တရုတ်အစိုးရသည် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များအားနည်းမျိုးစုံဖြင့်ဖိအားပေးနေသကဲ့သို့ စစ်ကောင်စီကို ကူညီပံ့ပိုးမှုများပေးကာ စစ်ကောင်စီ ကြိုးပမ်းနေသည့်ရွေးကောက် ပွဲကို ထောက်ခံကြောင်း ထုတ်ဖော်အသိပေးထားသည်။

မြန်မာနိုင်ငံ၏အခြေအနေမှန်များ၊မြန်မာပြည်သူလူထု၏ဆန္ဒများကို မျက်ကွယ်ပြုပြီး စစ်အုပ်စု၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် ရှုမြင် အားပေးနေကြသည့် နိုင်ငံအချိုအနေဖြင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် ယုံကြည်ကိုးစားမှု မပြုမိကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယနေ့ စက်တင်ဘာ ၉ရက်တွင် သတိပေး တိုက်တွန်း ပြောကြားခဲ့သည်။

TLC ဒုဥက္ကဋ္ဌ လွေးမိုးခမ်းက တော်လှန်ရေးသည် တစုတဖွဲ့တည်း လွတ်မြောက်နေရုံဖြင့် မအောင်မြင်နိုင်ဟု လည်း ပြောကြားခဲ့သည်။

“ကျမတို့အောင်မြင်မှုအားလုံးဟာလည်းတော်လှန်ရေးကြီးတခုလုံးရဲ့ အောင်မြင်မှုဖြစ်သလို၊ကျမတို့ ရှုံးနိမ့်မှု အားလုံးဟာလည်း ကျမတို့ တော်လှန်ရေးကြီးတခုလုံးရဲ့ ရှုံးနိမ့်မှုဖြစ်ပါတယ်ဆိုတာကို လက်တွေ့ အားလုံး သိသိသာသာ ထင်ထင်ရှားရှား ကျမတို့ မြင်နေကြရပါတယ်”ဟုလွေးမိုးခမ်းက ပြောကြားသည်။

မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှု စင်္ကြန် ပထမအကြိမ်ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကလည်းနွေဦးတော်လှန်ရေးအတွင်းက သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုအချင်းချင်းကြား၌ တော်လှန်ရေး အစေးကပ်မှု မြင့်မြင့်မားမား ဖြစ်ထွန်းအောင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကောင်းချီးပြုကြရန် တိုက်တွန်းခဲ့သည်။

ယင်းအခမ်းအနားတွင်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခူဦးရယ်လည်း တက်ရောက် ပြောကြားခဲ့ရာ စစ်အာဏာရှင်အဆက်ဆက်က နှစ်​ပေါင်ယ၇၀ ကျော်ကြာခဲ့ပြီး လက်ရှိအချိန်ထိ ဖိနှိပ်သတ်ဖြတ်နေဆဲဖြစ်ကြောင်း၊ သို့သော် အတိတ်ကာလနှင့်မတူသည်မှာ တိုးတက်လာသည့် နည်းပညာ ခေတ်ကာလ၌ တိုင်းရင်းသားတိုင်း၏ အသံများ၊ မျိုးဆက်သစ်လူငယ်တိုင်း၏ စိတ်ဓာတ်ခွန်အားများက ထပ်တူညီကြပြီးအားကြီးလာပြီဖြစ်ကြောင်းပြောကြားသည်။

“ယခုအချိန်မှာ ကြိုးပမ်းအားထုတ်မှုတွေတိုင်းမှာ ယခင်များနဲ့မတူတဲ့ စည်းလုံးမှုတွေအောက်မှာ အာဏာရှင်စနစ်ကို တွန်းလှန်ကျော်နင်းပြီး စနစ်သစ်နဲ့အစားထိုးဖို့ ရေရှည်တည်ငြိမ်အေးချမ်းပြီး တိုးတက်စေတဲ့အရွေ့ကို ထူးကဲထင်ရှားစွာ အများကြီးမဖော်ဆောင်နိုင်ကြသေးပေမယ့်လည်း ကြီးမားခိုင်ခန့်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်အတွက် အနာဂတ်ကို အတူတကွ ခရီးဆက်နိုင်ဖို့ သမိုင်းပေးတာဝန်အရ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း ချစ်ခြင်းမေတ္တာများနဲ့အတူ ပေါင်းစည်းကြိုးပမ်းနိုင်တဲ့ အခွင့်အလမ်း အကောင်းဆုံး လမ်းဆုံလမ်းခွ ကာလတခုကို ရောက်ရှိလာကြပြီဖြစ်ပါတယ်” ဟု ခူဦးရယ်က ပြောသည်။

တအာင်းတော်လှန်ရေးအင်အားစုများသည်စစ်ကောင်စီအာဏာသိမ်းစကတည်းကမန္တလေး ဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် နွေဦးတော်လှန်ရေး တွင် အတူတကွ ပူးပေါင်းတော်လှန်နေကြသည့် မိသားစုဝင်များဖြစ်ဟု လွေးမိုးခမ်းက ပြောကြားခဲ့သည်။

“ယနေ့ တော်လှန်ရေးဟာဆိုရင် နိုင်ငံရေးနဲ့ တော်လှန်ရေး ဖြစ်တည်ပြောင်းလဲမှုအရ သက်ဆိုင်ရာ ပြည်နယ်တွေမှာ ဒေသတွေမှာဆိုရင် နိုင်ငံရေးအရ ပြင်ဆင်ဆောင်ရွက်မှုတွေ အများကြီး လုပ်ဆောင်နေကြတာ ကျမတို့ တွေ့ရပါတယ်။ ဒီလုပ်ငန်းတွေဟာ အားကောင်းကောင်းနဲ့ဖော်ဆောင်နေဖို့ လိုအပ်သလို တော်လှန်ရေး ကြီး တခုလုံးကို ဦးဆောင်မောင်းနှင်နေတဲ့ ကျမတို့ စုဖွဲ့မှုအားလုံးကလည်း ညီညွတ်မှု ပေါင်းစည်းမှု၊ ပြင်ဆင်ဆောင်ရွက်မှု ပြုပြင်ပြောင်းလဲမှု တွေနဲ့အတူ လက်တွေ့ကျတဲ့ တော်လှန်မှုများကိုအားသွန်းခွန်စိုက်ကြိုးပမ်းဆောင်ရွက်ရမယ့် အချိန်ကာလလည်းဖြစ်တယ်လို့ ကျမတို့ မြင်မိပါတယ်” ဟု TLC ဒုဥက္ကဋ္ဌ(၁)က ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ကတနိုင်ငံလုံးတွင် အများပြည်သူနေထိုင်သော နေရာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများ အဆက်မပြတ်ကျူးလွန်နေခြင်းနှင့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန်ပြင်ဆင်နေ ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း တအာင်းပြည်ကောင်စီ(TLC)က ဩဂုတ် ၂၂ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်သည်။

သတင်း

တအာင်းပြည်ကောင်စီ(TLC)ကိုဖွဲစည်းပြီးတအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရဖြင့် တော်လှန်ရေးကာလ အုပ်ချုပ်မှုယန္တရား ချမှတ်နိုင်ခြင်းကို ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ(PNFC)က ထောက်ခံကြိုဆိုကြောင်း PNFCက ဇွန်လ ၂၁ရက် နေ့စွဲဖြင့်ကြေညာချက်ထုတ်ပြန်သည်။

သတင်း

ဘုံရန်သူ၏သွေးခွဲဗျူဟာ အသက်ဝင်မလာရေး တော်လှန်ရေးအင်အားစုအချင်းချင်းကြား ပြဿနာ အချို့ နည်းလမ်းရှာနိုင်ရန်လိုဟုဆို