ထောင်ဒဏ် ပြစ်ဒဏ်ကို လှည့်စား ရှောင်လွှဲခဲ့တယ်လို့ ထိုင်းတရားရုံးချုပ်က စီရင်ဆုံးဖြတ်ပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ကို ထောင်ဒဏ် ၁ နှစ် စီရင်ချက် ချမှတ်လိုက်ပါတယ်။
အသက် ၇၆ နှစ်အရွယ် ဘီလီယံနာ သူဌေးကြီးဟာ သူ့ရဲ့ ပြစ်ဒဏ်ကာလကို အကျဉ်းထောင်ထဲမှာ ကုန်ဆုံးရမယ့်အစား ရဲတပ်ဖွဲ့ ဆေးရုံ အထူးခန်းထဲမှာပဲ တောက်လျှောက် ဖြတ်သန်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ တရားရုံးချုပ်ရဲ့ စီရင် စစ်ဆေးမှုကို ခံယူခဲ့ရတာ ဖြစ်ပါတယ်။
သက်ဆင်ဟာ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်း ဖြုတ်ချတာကို ခံခဲ့ရပြီးတဲ့နောက် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်တဲ့ထိ ပြည်ပမှာ သွားရောက် တိမ်းရှောင်နေခဲ့ပါတယ်။ အဲဒီအတောအတွင်း ထိုင်းတရားရုံးက သူ့ကို မျက်ကွယ် စီရင်ချက်နဲ့ ထောင်ဒဏ် ၈ နှစ် ချမှတ်ထားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာတော့ သူကြိုးကိုင်နေတဲ့ ဖျူထိုင်းပါတီက ထိုင်းမှာ တကျော့ပြန် အစိုးရ ဖြစ်လာဖို့ သေချာသွားခြင်းနဲ့အတူ သက်ဆင်က ဇာတိနိုင်ငံကို ပြန်လာခဲ့ပါတယ်။ သူပြန်ရောက်လာချိန်မှာ ထိုင်းဘုရင်ကလည်း ပြစ်ဒဏ် ၈ နှစ်ကို ၁ နှစ်အထိ လျှော့ချပေးဖို့ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ပေးခဲ့ပါတယ်။

Public Service Announcement
သက်ဆင်ဟာ ထောင်ဒဏ် ၁ နှစ် စတင်ကျခံတဲ့ ပထမဆုံး တစ်နေ့ပဲ အကျဉ်းခန်းထဲမှာ နေခဲ့ပြီး နောက်နေ့ကစလို့ ကျန်းမာရေး အခြေအနေ ဆိုးရွားလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးရုံတက်နေခဲ့တာပါ။ သူဟာ ရဲတပ်ဖွဲ့ ဆေးရုံရဲ့ ၁၄ ထပ်အမြင့် အထူးခန်းမှာ ၆ လကြာ နေထိုင်ပြီးတဲ့နောက် ပြစ်ဒဏ်လျှော့ပေါ့မှု အမိန့်အရ လွတ်မြောက်လာခဲ့ပါတယ်။ ဒါကြောင့် သက်ဆင်ဟာ ထောင်ထဲမှာ ၁ ရက်တိတိသာ နေခဲ့တဲ့ သဘောပါပဲ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက် ထိုင်းတရားရုံးချုပ်က ပြန်လည် ကိုင်တွယ် စစ်ဆေးခဲ့တာပါ။ အမှုကိုတော့ ၁၄ ထပ်ကိစ္စလို့ ထိုင်းမီဒီယာတွေက နာမည်တပ် ဖော်ပြကြပါတယ်။ သက်ဆင်က ဆေးရုံမှာ ပြောင်းရွှေ့ နေထိုင်ခဲ့တာဟာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းတွေနဲ့ ကိုက်ညီတယ်လို့ ခုခံ လျှောက်လဲပြီး ဆေးမှတ်တမ်းတွေလည်း တင်ပြခဲ့ပေမယ့် စက်တင်ဘာ ၉ ရက်နေ့၊ တရားခွင် ဆုံးဖြတ်ချက်ကတော့ သူ့ကို ဆန့်ကျင်တဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။
သက်ဆင်ကတော့ အကျဉ်းထောင်ထဲမှာ ရင်ဘတ် ထိုးအောင့်ပြီး နှလုံးလည်း မငြိမ်ခဲ့တာကြောင့် ဆေးရုံတက်ခဲ့ရတာလို့ ပြောပေမယ့် ပြစ်ဒဏ်ကာလ တလျှောက်လုံး ဆေးရုံမှာ နေခဲ့တာ၊ ပြစ်ဒဏ်လျှော့ပေါ့မှု ခံရပြီးတာနဲ့ အကောင်းပကတိအတိုင်း ဆေးရုံပြန်ဆင်းလာတာတွေက လူထုကြားမှာ သံသယတွေ တိုးလာစေခဲ့ပါတယ်။
အမှုနဲ့ ပတ်သက်လို့ နောက်ဆုံး စီရင်ချက်မှာတော့ သက်ဆင်ကို ဆေးရုံပို့ခဲ့တဲ့ ကိစ္စဟာ တရားမဝင်ကြောင်း၊ ခုခံလျှောက်လဲသူ တရားပြိုင်ဟာ သူ့ရဲ့ကျန်းမာရေး ကိစ္စက အရေးပေါ်အဆင့် မဟုတ်ဘူးဆိုတာ ကောင်းကောင်း သိခဲ့ကြောင်း၊ ဒီတော့ ထောင်ဒဏ် ကျခံနေချိန် အတောအတွင်း ဆေးရုံတက်နေခဲ့တာကို ပြစ်ဒဏ်ကာလ အနေနဲ့ ထည့်သွင်း သတ်မှတ်ဖို့ မဖြစ်သင့်ဘူးလို့ ဆုံးဖြတ်ကြောင်း ဖော်ပြထားပါတယ်။
တရားသူကြီး ၅ ဦးပါ ခုံအဖွဲ့က သက်ဆင်ဟာ ဆရာဝန်တွေကို လိမ်လည် လှည့်ဖျားမှု အပါအဝင် သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းတွေကို အသုံးပြုပြီး ဆေးရုံမှာ အချိန်ကြာကြာ နေခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။ စီရင်ချက်နဲ့အတူ သက်ဆင်ကို ဘန်ကောက်က ရမန်အချုပ်ခန်းဆီ ပို့ဆောင်ဖို့ ဖမ်းဝရမ်း ထုတ်ဖို့ပါ တရားရုံးက ညွှန်ကြားခဲ့ပါတယ်။
တရားခွင်မှာ ရှိနေတဲ့ သက်ဆင်ဟာ သူ့ရဲ့ ဂျာကင်အင်္ကျီကို ချွတ်ပြီး အချုပ်ကား တစ်ခုပေါ် တက်သွားခဲ့သလို နောက်ပိုင်းမှာ အကျဉ်းထောင်ဆီ ရောက်သွားခဲ့တယ်လို့ သိရပါတယ်။ သက်ဆင်က သူဟာ တရားရုံး စီရင်ချက်ကို လက်ခံတယ်လို့ ပြောပါတယ်။ ဒီနေ့မှာ သူ့ရဲ့ လွတ်လပ်မှုက ဆုံးရှုံးသွားပေမယ့် ထိုင်းနိုင်ငံနဲ့ ပြည်သူတွေ အတွက်တော့ လွတ်လပ်စွာ တွေးခေါ်ခွင့်က အမြဲတမ်း ကောင်းကျိုးရှိနေစေမှာ ဖြစ်တယ်လို့ Facebookမှာ ရေးသားထားခဲ့ပါတယ်။
အကျဉ်းကျနေစဉ် အတောအတွင်းမှာ စိတ်ရော၊ လူပါ ကျန်းမာအောင် ဆက်လက်နေထိုင်ရင်း ဘုရင်၊ နိုင်ငံနဲ့ ပြည်သူတွေအတွက် ဆက်လက် အမှုထမ်းနေမယ်လို့လည်း သူက ဆိုပါတယ်။
သမီးဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲချက်ကြောင့် ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီး ၁၁ ရက် အကြာမှာပဲ သက်ဆင်ကလည်း ထောင်ဒဏ်ချမှတ် ခံရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရှီနာဝတ်ထ် မိသားစုအတွက် ကံနိမ့်တဲ့ ကာလတွေကို ဖြတ်သန်းနေရတယ်လို့ ဆိုနိုင်ပြီး သက်ဆင်ရဲ့ ဩဇာခံ ဖျူထိုင်းပါတီဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန် လွှတ်တော် မဲခွဲဆုံးဖြတ်မှုမှာ ဝန်ကြီးချုပ် နေရာနဲ့ အာဏာရပါတီ ဂုဏ်ပုဒ်တွေကို ဆုံးရှုံးခဲ့ရပြီး အတိုက်အခံအဖြစ် ရပ်တည်နေရပါတယ်။
ကိုးကား: CNA
