တူရကီနိုင်ငံ အနောက်မြောက်ပိုင်းမှာ မဂ္ဂနီကျု ၆.၁ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် အဆောက်အအုံတွေ ပြိုကျ ပျက်စီးခဲ့သလို အနည်းဆုံး ၁ ဦး သေဆုံးခဲ့ပါတယ်။
ဩဂုတ် ၁၀ ရက် ညပိုင်းက ဘာလစ်ကီဆာဒေသကို ဗဟိုပြုပြီး အဲဒီငလျင် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဆင်ဒါဂီ မြို့ထဲမှာတော့ ကယ်ဆယ်ရေးတွေဟာ ပြိုကျနေတဲ့ အဆောက်အအုံ တစ်ခုအောက်ကနေ အသက် ၈၁ နှစ်အရွယ် အဖွားအို တစ်ဦးကို ဆွဲထုတ်နိုင်ခဲ့ပေမယ့် ရထားတဲ့ ဒဏ်ရာတွေကြောင့် မကြာခင်မှာ ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဆင်ဒါဂီဟာ ငလျင်ရဲ့ ဗဟိုချက် နေရာလည်းဖြစ်ပြီး အထိအခိုက်လည်း အများဆုံးလို့ ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။ ငလျင်ကြောင့် ဒဏ်ရာရသူ အရေအတွက်ကလည်း ၂၉ ဦးထိ ရှိခဲ့ပါတယ်။
ငလျင်ကြောင့် အရွယ်စုံ အဆောက်အအုံ ၁၆ ခုထိ ပြိုကျပျက်စီးခဲ့တယ်လို့ ကနဦး သိရှိရထားပါတယ်။ ငလျင်ရဲ့ လှုပ်ခတ်မှုကို အစ္စတန်ဘူလ်လို အတော်ကြီး ကွာလှမ်းတဲ့ ရပ်ဝေးမြို့တွေကပါ သိရှိခံစားခဲ့ရပါတယ်။

Public Service Announcement
တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်ကတော့ ဒဏ်ရာရသူတွေ အမြန်ဆုံး သက်သာ ပျောက်ကင်းစေဖို့ ဆန္ဒပြုပေးခဲ့သလို ကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း လိုအပ်သလို အကူအညီပေးဖို့ အနီးကပ် စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
အခုအခါ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားပြီဖြစ်ပြီး နောက်ဆက်တွဲ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုနဲ့ အသေအပျောက်တွေ ကြုံရမယ့် အလားအလာ မရှိဘူးလို့လည်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေထဲမှာတော့ ဆင်ဒါဂီမြို့မှာ အဆောက်အအုံတွေ ပြားပြားဝပ် ပြိုလဲနေတာ၊ အပျက်အစီးတွေ မွစာကြဲ ပျံ့နှံ့နေတာတွေကို တွေ့ရပါတယ်။
တူရကီဟာ ဧရာမ မြေအောက် ကျောက်လွှာကြီးသုံးချပ် စုဆုံတဲ့ နေရာမှာ တည်ရှိပြီး အင်အားပြင်း ငလျင်တွေ လှုပ်ခတ်မှုကို ကြုံတွေ့ခဲ့ဖူးပါတယ်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက နိုင်ငံအရှေ့တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၈ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ရာက လူပေါင်း ၅၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။
ကိုးကား: Standard












































