စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ ပါဝင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေတစ်ယောက် သြဂုတ် ၇ ရက်မှာသေဆုံးသွားပါတယ်။ သူရဲ့သေဆုံးမှုက ကျန်နေခဲ့တဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေအတွက် ဘယ်လိုသင်ခန်းစာတွေပေးခဲ့လဲ ဆိုတာကို ဒီတစ်ပါတ် ဆွေးနွေးပါမယ် ။
ကမ္ဘာသိ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေကိုပါ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲမှုတွေနဲ့ တွဲပြီး သိကြတဲ့ ဗိုလ်ချုပ်ဟောင်းမြင့်ဆွေဟာ အသက် ၇၄ နှစ်အရွယ်မှာပဲ သေဆုံးခဲ့တာပါ။
ဒါကြောင့် စစ်အာဏာရှင်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ရဲ့ အကျိုးစီးပွားအတွက် ခိုင်းသမျှလုပ်ခဲ့ရင်း စစ်အာဏာရှင်တွေမတိုင်ခင် သူကအရင် သေဆုံးခဲ့တာပါ ။

Public Service Announcement
ဒီနေရာ အာဏာရှင်တွေ အဓိကသင်ခန်းစာယူရမယ့်အချက်ပေါ်လာပါတယ် ။ ဘာသာရေးအဆုံးအမတွေအရရော ၊ ယဉ်ကျေးမှုအရပါ မြန်မာနိုင်ငံမှာ သူတပါးသေဆုံးရင် စာနာပေးတာ ၊အသက်ရှိစဉ်ကောင်းမွန်တာတွေလုပ်ခဲ့တာတွေကိုပြန်ပြောင်းသတိတရရှိပေးလေ့ရှိပေမယ့် ဗိုလ်ချုပ်ဟောင်းမြင့်ဆွေသေဆုံးမှုကို ပြည်သူအများစုက ဝမ်းမြောက် ၊ဝမ်းသာဖြစ်နေကြတာပါပဲ ။
ဦးမြင့်ဆွေသေဆုံးကြောင်း People’s Spring သတင်းဌာနကသတင်းဖော်ပြတာမှာ စာဖတ်သူတွေက မှတ်ချက်ပေါင်း ၁၇၀ ကျော်ရေးသားရာမှာဝမ်းနည်းသူ တစ်ယာက်မှ မပါ ပါဘူး ။ မှတ်ချက်အများစုက ဗိုလ်ချုပ်ဟောင်း တစ်ယောက်သေဆုံးမှုကို ဝမ်းမြောက် ၊ဝမ်းသာဖြစ်နေကြတာပါ။ လွတ်လပ်တဲ့ သတင်းဌာနတိုင်းရဲ့ သတင်းတွေအောင်မှာလည်း အလားတူပံဖြစ်ပါတယ် ။
သူဟာ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်မှာ ၂၀၀၈ အခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖောက်ပြီး ယာယီသမ္မတအနေနဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို အာဏာအရပ်ရပ် လွှဲပြောင်း ပေးခဲ့သူဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းမှုကို ပြည်သူတွေက လက်မခံပဲ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုတာကနေ မရတဲ့အဆုံးမှာ လက်နက်ကိုင်တော်လှန်ကြတဲ့တိုင် ပြည်သူတွေရဲ့ တော်လှန်စိတ် ၊ ဒီတကြိမ် စစ်ကျွန်ဘဝ ကအပြီးတိုင်လွတ်အောင်ရုန်းမယ်ဆိုတဲ့ ခိုင်မာတဲ့စိတ်ပိုင်းဖြတ်ထားတဲ့ ပြည်သူတွေဟာ အာဏာသိမ်းမှုကူညီခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းမြင့်ဆွေအပေါ် အတော်လေးစိတ်နာခဲ့ကြပါတယ် ။
သေဆုံးချိန်မှာ ၇၄နှစ်အရွယ် ဦးမြင့်ဆွေဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကတည်းက အာရုံကြောတွေ နှေးကွေးတုန့်ဆိုင်းတဲ့ရောဂါ(Parkinson’s Disease)နဲ့ ဆက်စပ်အာရုံကြောအားနည်းရောဂါတွေ ခံစားနေခဲ့ရတာလို့ အာဏာသိမ်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
သြဂုတ် ၅ရက်က ဦးမြင့်ဆွေဟာ လက်ရှိအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်တာကြောင့် အမှတ်(၂)စစ်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေတယ်လို့ စစ်ကောင်စီ ကဆိုခဲ့တာပါ ။
အဲဒီလို ထုတ်ပြန်အပြီး ၁၂ နာရီ မပြည့်မီမှာပဲ ကွယ်လွန်သွားပြီလို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေက သြဂုတ် ၆ ရက်မှာ ရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ဦးမြင့်ဆွေ မသေဆုံးသေးကြောင်း စစ်ကောင်စီထောက်ခံတဲ့ သတင်းဌာနတစ်ခုကို ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ သြဂုတ် ၇ ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီဟာ ဗိုလ်ချုပ်ဟောင်းမြင့်ဆွေ သေဆုံးမှုကို အတည်ပြုခဲ့ပါတယ် ။သူ့ရဲ့နာရေးကိုနိုင်ငံတော်ဈာပနအဖြစ်ကျင်းပမယ်လို့လည်းဆိုပါတယ်။
ပြည်သူအများစုကတော့ စစ်ဗိုလ်ချုပ်ဟောင်းမြင့်ဆွေရဲ့သေဆုံးမှုကို တစ်ရက်ကြိုတင် ပျော်ရွှင်ခဲ့ကြပြီး လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်တွေကို တပါတည်း ခေါ်ဆောင်မသွားလို့ စိတ်မကောင်းဖြစ်ရတယ်လိုတောင် မှတ်ချက်ရေးသားနေကြပါတယ်။
စစ်တပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအထိ ရာထူးရခဲ့သူ ဦးမြင့်ဆွေဟာ နဝတ/နအဖ စစ်အစိုးရလက်ထက် ရန်ကုန်စစ်ရုံးမှာ အချိန်အများစု ရှိနေခဲ့တာလို့ စစ်ဘက်အရာရှိကြီးဟောင်းတစ်ဦးက ပြောပါတယ်။
စစ်ဝတ်စုံနဲ့ ရန်ကုန်တိုင်းမှူးဖြစ်ခဲ့သလို၂၀၁၁ အရပ်ဝတ်လဲတော့လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဆက်ရှိခဲ့ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး စစ်တပ်ကရွေးချယ်တဲ့ ဒုတိယသမ္မတလောင်းဖြစ်ခဲ့ပြီး NLD အစိုးရလက်ထက်မှာ ဒုတိယသမ္မတ(၁) တာဝန်ထမ်းဆောင်ခဲ့ပြန်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တွေရဲ့ ယုံကြည်မှုကို အထူးရရှိခဲ့သူပါ။
သူသေဆုံးပြီးတဲ့နောက်မှာ သူရဲ့အကြောင်းတွေ ပြည်သူတွေ ၊မီဒီယာတွေက ပြောတဲ့အခါမှာ မပါမဖြစ် အကြောင်းအရာက ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေကိုပါ အကြမ်းဖက် ခဲ့တဲ့ဖြစ်ရပ်ကြီးဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ၁၈ နှစ်ခန့်က ဖြစ်ရပ်ကြီးက သူ့သက်တမ်းတလျှောက်လုံးမှာ အရိပ်လိုတကောက်ကောက်လိုက်ခဲ့တာဖြစ်ပါတယ် ။
စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်အတိုင်း သံဃာတော်တွေကိုပါ အကြမ်းဖက်သမားတွေလို ဘုန်းကြီးကျောင်းတွေထဲအထိ ဝင်ရောက်စီးနင်း ၊အကြမ်းဖက် ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ထောင်ချ ခဲ့တဲ့ အကျည်းတန်လှတဲ့ ဖြစ်ရပ်ဆိုးကြီးမှာ ရန်ကုန်စစ်တိုင်းမှူးဖြစ်နေခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းမြင့်ဆွေကလည်း အဓိကနေရာကပါဝင်နေတာပါ ။ဒီလုပ်ရပ်တွေကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ယုံကြည်မှု နဲ့ ရာထူးအာဏာစည်းစိမ်တွေရခံ့ပေမယ့် ပြည်သူတွေကြားမှာတော့ သူ့သမိုင်းက လူအသေခင်ကတည်းကသေသွားခဲ့တာပါ ။
ဦးမြင့်ဆွေကတော့ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေကို သူအကြမ်းဖက်ခိုင်းခဲ့တာမဟုတ်ကြောင်း ၊ အထက်ကအမိန့်အတိုင်း တာဝန်အရလုပ်ခဲ့တာဖြစ်ပြီး မှားယွင်းတယ်ဆိုရင် ကြိုးပေးတာတောင် ခံနိုင်တယ်လို့ ၂၀၁၃ စက်တင်ဘာလမှာခုခံခဲ့ပါသေးတယ် ။
ဒါပေမယ့် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ ရွှေဝါရောင်ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က အခုလိုမိန့်ကြားပါတယ် ။
“အဲဒီ့တုန်းက သူက စစ်တိုင်းမှုး သူအမိန့်ပေးတာပေါ့ ။ သံဃာတော်တွေ ဖြိုခွင်းဖို့ ၊ပစ်သတ်ဖို့ ကျောင်းတိုက်တွေ စီးဖို့ တွေက ၊ ဦးဇင်းတို့ အဲဒီ့သတင်းတွေကြားရတယ်လေ။ အကုန်လုံးက သူ့လက်ထက်မှာပဲ”။
ရွှေဝါရောင်တော်လှန်ရေးကာလမှာပဲ ဘုန်းတော်ကြီးကျောင်းတွေကို စစ်တပ်ကအကြမ်းဖက်စီးနင်းပြီး ချိတ်ပိတ်ခဲ့တာ ကျောင်းပေါင်း ၆၀ ကျော် ၊သံဃာတော်ပေါင်း တစ်ထောင်ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆရာတော်ကဆက်မိန့်ပါတယ် ။
ငွေကြာရံပရိယတ္တိ စာသင်တိုက်မှ ရွှေဝါရောင်ဆရာတော် ဦးအဂ္ဂဓမ္မကလည်း အတွေ့အကြုံကိုအခုလိုမိန့်ပါတယ် ။
“ဦးဇင်းတို့ရဲ့စာသင်တိုက်တွေမှာဆိုရင် ည အချိန်မတော်ကြီးကို တံခါးပေါက်တွေကို ကားနဲ့တိုက်ပြီး ဖွင့် ၊ စစ်ကားနဲ့ ဖွင့် ၊ အတင်းအဓမ္မ သံဃာတော်တွေကိုရိုက်ပုတ်၊ မိတဲ့သံဃာတော် တွေဆိုရင် လက်ပြန်ကြိုးတုပ်ပြီးတော့ ကတ္တရာလမ်းပေါ်မှာ ဒူးတုပ်ပြီးသွားခိုင်း ၊ နောက်က စစ်ဖိနပ်နဲ့ကန် ၊ အဲဒီလိုမျိုးထိ အောင်လုပ်ခဲ့သလို မေတ္တာသုတ်ရွတ်ဆိုတဲ့ သံဃာတော်တွေကိုလည်းပဲ သတ်ဖြတ်ပြီးတော့ ကျည်အစစ်တွေနဲ့ သတ်ဖြတ်ပြီးတော့ ဖြိုခွင်းခဲ့တာလည်း သူ (ဗိုလ်ချုပ်ဟောင်းမြင့်ဆွေ) လို့ပဲပြောရမှာဖြစ်တယ်။”
၂၀၀၇ ခုနှစ်မှာ စစ်အစိုးရက စက်သုံးဆီဈေးတွေရုတ်တရက်တိုးမြှင့် လိုက်တဲ့အတွက် ကုန်ဈေးနှုန်းတွေတက်ပြီး ပြည်သူတွေအထွေထွေအကြပ်အတည်းတွေ့လာချိန်မှာ သံဃာတော်တွေက မေတ္တာပို့ပြီးကြွချီခဲ့ကြပါတယ် ။ ဒီအခြေအနေမှာ ပခုက္ကူမြို့မှာ ဆန္ဒထုတ်ဖော်တဲ့သဃာတော်အချို့ကို စစ်တပ်က ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်ခဲ့တာကြောင့် သံဃာတော်တွေရဲ့ ကံဆောင်သပိတ်ဟာ ဖိနှိပ်မှုတွေကြားတစ်နိုင်ငံလုံးပျံ့နှံ့ကြီးထွားခဲ့ပါတယ် ။
စစ်အာဏာရှင်တွေကတော့ သူတို့အာဏာကိုခြိမ်းခြောက်မှုလို့ ယူဆပြီး သံဃာတော်တွေက လမ်းလျှောက်ကြွချီ မေတ္တာပို့တာတွေကိုတောင် ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုးခွင်းခဲ့တာပါ။ အကြမ်းဖက်ဖမ်းဆီးပြီး စစ်ကြောရေးမှာ ၊ထောင်တွေထဲမှာ ပျံလွန်တော်မူသွားတဲ့ သံဃာတော်တွေလည်းအနည်းမနောရှိခဲ့ပါတယ် ။
ငွေကြာရံပရိယတ္တိ စာသင်တိုက်မှ ရွှေဝါရောင်ဆရာတော် ဦးအဂ္ဂဓမ္မ ကတော့ စစ်ကြောရေးမှာညှင်းပန်းနှိပ်စက်မှုတွေကြောင့် သူ့ရဲ့သွားတွေ ကျွတ်ထွက်ကုန်တယ်လို့ မိန့်ပါတယ် ။သံဃာတော်တွေကိုပါ အခုလိုရက်ရက်စက်စက်လုပ်တာဟာစစ်တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ် မြင့်ဆွေဟာလည်း အဓိက နေရာကပါဝင်တယ်လို့မိန့်ပါတယ် ။
ဦးမြင့်ဆွေကို ဘယ်လိုလူစားလို့မြင်လဲဆိုတဲ့အမေးကို ဆရာတော်က “ဘယ်လိုမျိုးလူစားလဲဆိုရင် သူတို့ဟာသူတို့ရဲ့ မိသားစုကောင်းရင်ပြီးရော ၊ သူ့ရဲ့ အတ္တကိုသာလျှင်ရှေ့တန်းတင်တဲ့ စစ်မိစ္ဆာတစ်ယောက်ပဲလို့ ဦးဇင်းတို့ မြင်ထားတယ်။ မြန်မာပြည်သူ ကောင်းစားဖို့အတွက် မြန်မာပြည်ငြိမ်းချမ်းသာယာဖို့အတွက် ဆန္ဒမရှိတဲ့သူ ၊ မြန်မာပြည်သူတွေ ငြိမ်းချမ်းသာယာဖို့အတွက် လိုလားမှုမရှိတဲ့သူလို့ ဦးဇင်းတို့ကသတ်မှတ်ထားတယ်။”လို့ မိန့်ပါတယ် ။
လူတစ်ယောက်ရဲ့အကြောင်းကို သူသေဆုံးသွားချိန်မှာ ပိုပေါ်လွင်လာလေ့ရှိပါတယ်။ အခုဦးမြင့်ဆွေသေဆုံးချိန်မှာ ပြည်သူတွေ ဝမ်းမြောက် ၊ဝမ်းသာဖြစ်ကြတယ်ဆိုတာက သူ့အပေါ်ပြည်သူတွေရဲ့သဘောထားကို ပြသတာဖြစ်တယ်လို့ ရွှေဝါရောင်ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)ကလည်းမိန့်ပါတယ် ။ပြည်သူတွေကို ကောင်းကျိုးပြုသူတွေဆိုရင် သူတို့သေဆုံးချိန် ဝမ်းနည်းကြမှာဖြစ်ပေမယ့် ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ် ၊ကောင်းကျိုးမပေးသူတွေဆိုရင် သူတို့သေသွားရင် ပြည်သူတွေက ဝမ်းသာနေမယ်လို့ဆရာတော်ကဆက်မိန့်ပါတယ် ။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အတူအာဏာသိမ်းခဲ့တဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေထဲမှာတောင် အခုဆို ၁ ယောက်ကသေသွားပြီဖြစ်ပါတယ် ။ ၂ ယောက်က အဂတိလိုက်စားတယ်အကြောင်းပြချက်နဲ့ထောင်ကျနေပါတယ် ။ ၂ ယောက်ကိုတော့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကရာထူးချထားပါတယ် ။ ဒါကြောင့် ၂၀၂၁ အာဏာသိမ်းပွဲမှာ အဓိကပါဝင်နေသူတွေထဲက အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ပဲ လက်ရှိ အာဏာလက်ဝယ်ရှိပါတော့တယ် ။
ဗိုလ်ချုပ်ဟောင်းမြင့်ဆွေရဲ့အဖြစ်က ကျန်နေသေးတဲ့ စစ်အာဏာရှင်တွေအတွက်လည်း သတင်းစကားချန်ခဲ့ပါတယ် ။ ဒါကိုသင်ခန်းစာယူနိုင် ၊မယူနိုင်ကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ် ။
ဦးမြင့်ဆွေရဲ့အဖြစ်ကနေ ဘာကိုသင်ခန်းစာယူသင့်လဲဆိုတာ ရွှေဝါရောင်ဆရာတော် ဦးအဂ္ဂဓမ္မ ကိုမေးမြန်းမှုကို ဆရာတော်ကအခုလို မိန့်ကြားလိုက်ပါတယ် ။
“ကျန်တဲ့သူတွေ အတွက်ကိုလည်း ဦးဇင်းတို့တွေ ဗုဒ္ဓဘာသာ သဘောတရားနဲ့ပြောမယ်ဆိုရင်တော့ လူသားအားလုံးအပေါ်မှာ မဟုတ်တာလုပ်တဲ့လူတွေဟာ မကောင်းကျိုးကို သေချာပေါက် တစ်နေ့ခံစားရမှာပါလို့။ သူတို့ရဲ့ အတိတ်ကံက ကောင်းကျိုးလေးတွေ ပေးနေတဲ့အချိန်မှာ ဟုတ်လှချည်းလို့ မထင်ကြပါနဲ့ပေါ့နော်။ မကောင်းကျိုးပေးလာတဲ့ အချိန်မှာ သူတို့အတွက် တကယ့်ကို ကြီးကြီးမားမား ခံစားရပါလိမ့်မယ်လို့ ဒါလေးကို ပြောချင်တာပါ” ။ ။
