သူဟာ ရုရှား၊ ယူကရိန်း သမ္မတတွေနဲ့ တွေ့ဆုံဖို့ အလားအလာကောင်းတွေ ရှိလာတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။
အမေရိကန်ရဲ့ အထူးကိုယ်စားလှယ် အဖွဲ့က ရုရှားကို သွားရောက် ဆွေးနွေးခဲ့တဲ့နောက် ဩဂုတ် ၆ ရက်နေ့မှာ ထရမ့်က အဲဒီလို မှတ်ချက်ပေးခဲ့တာပါ။ သူဟာ ဒုတိယအကြိမ် အမေရိကန် သမ္မတအဖြစ် တာဝန်ယူပြီးတဲ့နောက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ မျက်နှာစုံညီ တွေ့ဆုံခဲ့ပြီး အိမ်ဖြူတော်မှာ အခြေအတင် စကားလည်း များခဲ့ကြဖူးပြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ခေါင်းဆောင်နှစ်ဦးကြားက ဆက်ဆံရေးကို အထိုက်အလျောက် ပြန်လည် ကုစားလာနိုင်ခဲ့ကြပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့တော့ ထရမ့်က လူချင်းမတွေ့ဖြစ်သေးဘဲ ဖုန်းဆက် ဆွေးနွေးမှုတွေပဲ ရှိခဲ့ပါတယ်။ ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းတို့ကြားက စစ်ပွဲကို ရပ်ဆိုင်းစေဖို့ နှစ်ဖက်စလုံးကို ဖိအားပေး တောင်းဆိုထားပါတယ်။ သူက ပူတင်ဟာ စစ်ပွဲ ရပ်ဆိုင်းရေးကို အားမထုတ်ဘဲ အမျိုးမျိုး အကြောင်းပြပြီး ရှောင်ဖယ်နေတယ်လို့ စွပ်စွဲထားသလို အပစ်အခတ် ရပ်စဲရေးအတွက် ရုရှားဖက်က ထိထိရောက်ရောက် လုပ်ဆောင်ပြတာမျိုး မရှိဘူးဆိုရင် အမေရိကန်က ရုရှားအပေါ် စီးပွားရေး၊ ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုတွေ ကျင့်သုံးရလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။
ဩဂုတ် ၆ ရက်နေ့မှာတော့ ထရမ့်ရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ စတိဗ်ဝစ်ကော့ဖ်ဟာ မော်စကိုမြို့တော်ဆီ သွားရောက်ပြီး ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ခရီးစဉ်မှာ ရုရှားနဲ့ အမေရိကန်ကြား အရမ်းထိရောက် မြင်သာတဲ့ သဘောတူညီမှု တစ်ခုခု မရခဲ့ပေမယ့် ကောင်းမွန်တဲ့ ဆွေးနွေးမှုမျိုးတော့ ဖြစ်ခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

Public Service Announcement
စစ်ပွဲကို အဆုံးသတ်နိုင်မယ့် အလားအလာတွေလည်း ရှိလာကြောင်း၊ သွားရမယ့် ခရီးက ရှည်ကြာနိုင်ပေမယ့် သိပ်မကြာခင်မှာ အရေးပါတဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်လာဖို့လည်း အခြေအနေတွေ ကောင်းနေကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။
အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ထရမ့်က စစ်ပွဲဟာ အဆုံးသတ်ရတော့မယ် ဆိုတာကို အားလုံးက လက်ခံထားကြောင်း၊ အမေရိကန်ဟာ အဲဒီကိစ္စ တကယ်ဖြစ်လာ နေ့ရက်တွေ၊ သီတင်းပတ်တွေ အချိန်ယူပြီး ဆက်ကြိုးစားနေမှာ ဖြစ်ကြောင်းလည်း မှတ်ချက်ပေးသွားပါတယ်။
အိမ်ဖြူတော်ရဲ့ သီးခြား ထုတ်ပြန်ချက်မှာတော့ ပူတင်ဟာ ထရမ့်နဲ့ လူချင်းတွေ့ဆုံဖို့ ဆန္ဒကို လိုလိုလားလား ပြသခဲ့တယ်လို့ ပါရှိပြီး ထရမ့်အနေနဲ့ ပူတင်ရော၊ ဇီလန်စကီးနဲ့ပါ တွေ့ဆုံတာမျိုးကိုလည်း လမ်းဖွင့်ပေးထားတယ်လို့ ဖော်ပြပါရှိခဲ့ပါတယ်။
ဇီလန်စကီးက သူဟာ ဝစ်ကော့ဖ်ရဲ့ မော်စကို ခရီးစဉ်နဲ့ ပတ်သက်လို့ ထရမ့်နဲ့ ဖုန်းပြောဖြစ်ခဲ့သလို အဲဒီ ဆွေးနွေးမှုမှာ ဥရောပ နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေလည်း ရှိနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ သူက ပူတင်ဟာ စစ်သုံးစရိတ် ကုန်ခမ်းသွားတဲ့ အဆင့်ရောက်မှသာ စစ်ပွဲကို ရပ်ဆိုင်းဖို့ လေးလေးနက်နက် စပြီး စဉ်းစားလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။
ထရမ့်က ရုရှားအနေနဲ့ စစ်ရပ်ဆိုင်းရေးအတွက် ထိရောက်တဲ့ ခြေလှမ်းတွေကို မစတင်ရင် ပမာဏ အရမ်းများပြားတဲ့ သွင်းကုန်အခွန် မြှင့်တင်စည်းကြပ်မှုတွေနဲ့ ကြုံရမယ်လို့ သတိပေးထားပါတယ်။ သူ့ရဲ့ ကိုယ်စားလှယ် ဝစ်ကော့ဖ်က မော်စကိုမှာ ပူတင်နဲ့ တွေ့ဆုံပြီး ပြန်လည် ထွက်ခွာလာတဲ့နောက် နာရီပိုင်း အကြာမှာပဲ ရုရှားဆီက ရေနံတွေ ဆက်လက် ဝယ်ယူနေတာကို ဒဏ်ခတ်တဲ့ အနေနဲ့ အိန္ဒိယအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ထပ်တိုးစည်းကြပ်မယ့် အမိန့်ကိုလည်း ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။ အဲဒီအမိန့်ဟာ ဩဂုတ် ၂၇ ရက်နေ့မှာ စတင် အသက်ဝင်မယ်လို့လည်း သိရပါတယ်။
ကိုးကား: CNN












































