ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ အစ္စရေး အခြေချသူတွေက အမေရိကန် နိုင်ငံသား တစ်ဦးကို ရိုက်သတ်လိုက်ကြတယ်လို့ သိရပါတယ်။
ဇူလိုင် ၁၂ ရက်နေ့တုန်းက အစ္စရေးနဲ့ ပါလက်စတိုင်း အစုအဖွဲ့နှစ်ခု ခိုက်ရန် ဖြစ်ပွားရာကနေ ပါလက်စတိုင်းနွယ်ဖွား အသက် ၂၁ နှစ်အရွယ် အမေရိကန် နိုင်ငံသား ဆေဖိုလာ မူဆာလတ် သေဆုံးသွားခဲ့တာပါ။ မူဆာလတ်ရဲ့ ဆွေမျိုးတော်စပ်သူ မြူနီစီပယ် အရာရှိ တစ်ဦးကလည်း အဲဒီသတင်း မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။
မူဆာလတ်ဟာ အမေရိကန်နိုင်ငံရဲ့ ဖလော်ရီဒါ ပြည်နယ်မှာ မွေးဖွားခဲ့ပြီး အခုသီတင်းပတ်ထဲမှာ အနောက်ဖက် ကမ်းခြေဒေသရဲ့ ဆင်ဂျီလ် ကျေးရွာမှာရှိတဲ့ မိသားစုဆီ အလည်အပတ် ရောက်ရှိနေခဲ့တာပါ။
အစ္စရေး စစ်တပ်ရဲ့ အစောပိုင်း ထုတ်ပြန်ချက်မှာတော့ အစ္စရေး-ပါလက်စတိုင်း ရန်ပွဲအတွင်း ပါလက်စတိုင်း အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ပဲ ဖော်ပြထားခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး ပြောရေးဆိုခွင့်ရ အရာရှိကတော့ အမေရိကန် နိုင်ငံသား မူဆာလတ် သေဆုံးခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။

Public Service Announcement
ပါလက်စတိုင်းတွေအပေါ် ရန်လိုတိုက်ခိုက်တဲ့ အစ္စရေး ရွှေ့ပြောင်း အခြေချသူတွေအပေါ် အစ္စရေး အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူတာမျိုး အရမ်းနည်းပါးပြီး အမှုဖွင့် စစ်ဆေးခဲ့ရင်လည်း အင်မတန် နည်းပါးတဲ့ ပမာဏလောက်ကိုသာ ပြစ်ဒဏ် ချမှတ်လေ့ရှိခဲ့ပါတယ်။
အစ္စရေး ထိန်းချုပ်ထားရာ ပါလက်စတိုင်း နယ်မြေဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာတော့ အစ္စရေး ရွှေ့ပြောင်း အခြေချသူတွေနဲ့ ပါလက်စတိုင်းတွေကြားက ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။
နောက်ပြီး အစ္စရေး စစ်တပ်ကလည်း ဆန့်ကျင်ရေး ပါလက်စတိုင်း အင်အားစုတွေကို ပစ်သတ်တာ အပါအဝင် ပြင်းထန်ကြမ်းတမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြိုခွင်းခဲ့ပါတယ်။
ကိုးကား: NPR
