ဇွန်-၄၊ ၂၀၂၅။ ရဲခေါင်/People’s Spring
စစ်ကောင်စီတပ်သား ၁၉ဦးကို စနိုက်ပါဖြင့် နှစ်လအတွင်း ချေမှုန်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ ရင်ဆိုင်သည့် ရှေ့တန်းတိုက်ပွဲများ၌ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ စနိုက်ပါရဲဘော်များမှ ရန်သူ့စခန်းအနီးနားအထိ သွားရောက်ချေမှုန်းခဲ့မှုများလည်း ပါဝင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
“ကယား(ကရင်နီပြည်နယ်)အတွင်းမှာပဲ။ အခုထိလည်း စစ်ဆိုင်ထားတဲ့အခြေအနေ ရှိပါတယ်”ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့တာဝန်ရှိသူက စနိုက်ပါ ဖြင့်ချေမှုန်းခဲ့သည့်ဖြစ်စဥ်များကို ရှင်းပြသည်။
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၏ တိုက်ပွဲထုတ်ပြန်ချက်များအရ ကရင်နီနှင့်ရှမ်းတောင်တိုက်ပွဲများ၌ အခြားသောတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။
အာဏာသိမ်းစစ်တပ်ကို တော်လှန်ရန် ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်တွင် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်းလည်း သိရသည်။
