အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အဆိုပြုထားတဲ့ အခွန်နဲ့ အသုံးစရိတ် မူကြမ်းဟာ စက်ဆုပ်စရာ ပုံပျက်ပန်းပျက် ကိစ္စမျိုးလို့ အီလွန်မတ်စ်ခ်က ပြင်းပြင်းထန်ထန် ထိုးနှက် ဝေဖန်သွားခဲ့ပါတယ်။
အမေရိကန် သမ္မတ အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်လာပြီး ရက်ပိုင်းအကြာမှာ မတ်စ်ခ်က ထရမ့်ရဲ့ အဆိုပြု မူကြမ်းကို ပြင်းပြင်းထန်ထန် သုံးနှုန်းပြီး ဝေဖန်လာခဲ့တာ ဖြစ်ပါတယ်။ မေလက အောက်လွှတ်တော်မှာ အတည်ပြုချက် ရထားပြီးဖြစ်တဲ့ မူကြမ်းမှာတော့ ထရမ့်က ဒေါ်လာ ထရီလီယံနဲ့ချီ များပြားတဲ့ အခွန်လျှော့ချ လိုက်လျောမှုတွေ၊ ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်မှုတွေကို ထည့်သွင်းထားပါတယ်။
ထရမ့်က သူ့ရဲ့ အဆိုပြုချက်ဟာ လှပပြီး ခမ်းနားထည်ဝါတဲ့ အခွန်မူကြမ်းမျိုးလို့ ရည်ညွှန်း သုံးနှုန်းထားဖူးပေမယ့် ဇွန်လ ၃ ရက်နေ့မှာတော့ မတ်စ်ခ်က ဒီမူကြမ်းမျိုးဟာ မဲပေးခဲ့တဲ့ မဲဆန္ဒရှင်တွေအပေါ် ရှက်သင့်တဲ့ ကိစ္စလို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားသွားခဲ့ပါတယ်။
မတ်စ်ခ်ဟာ ရွေးကောက်ပွဲ ကာလမှာ ထရမ့်ကို ရန်ပုံငွေ အများဆုံး ထောက်ပံ့လှူဒါန်းခဲ့သူ ဖြစ်သလို အစိုးရ အသုံးစရိတ်ကို ထိထိရောက်ရောက် လျှော့ချဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့တဲ့ အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE)ကိုလည်း ၁၂၉ ရက်ကြာ ဦးဆောင်ခဲ့ပြီး မေလကုန်ကမှ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
အစောပိုင်းက CBSနဲ့ အင်တာဗျူးမှာ မတ်စ်ခ်က ထရမ့်ရဲ့ အခွန်နဲ့ အသုံးစရိတ် မူကြမ်းဟာ DOGEရဲ့ အားထုတ်မှုတွေကို အလဟဿ ဖြစ်စေလိမ့်မယ်လို့ ဝေဖန်ခဲ့ဖူးပါတယ်။ အခုတော့ လူမှုကွန်ရက်မှာ သူ့သဘောထားကို တိုက်ရိုက် ရေးသားခဲ့ပြီး DOGEကနေ သူထွက်ခွာလာတဲ့နောက်ပိုင်း ထရမ့်နဲ့ သဘောထား ကွဲလွဲမှုကို မတ်စ်ခ်က ပထမဆုံးအကြိမ် လူသိရှင်ကြား ပြသလာခဲ့တာပါ။
မတ်စ်ခ် အဓိက ထောက်ပြတာက ထရမ့်ရဲ့ လှပပြီး ခမ်းနားထည်ဝါတဲ့ မူကြမ်းဟာ ဘတ်ဂျတ် လိုငွေပြမှုကို လျှော့ချရမယ့်အစား ပိုတိုးသွားစေလိမ့်မယ် ဆိုတာပါ။ လာမယ့် ဘဏ္ဍာရေးနှစ်မှာ အစိုးရရဲ့ ထွက်ငွေဟာ ဝင်ငွေထက် ဒေါ်လာ ဘီလီယံ ၆၀၀ လောက် ထပ်တိုးလာမယ်လို့ ဆိုပါတယ်။
အဲဒီတော့ ရှိနှင့်ပြီးသား ဘတ်ဂျတ်လိုငွေပြမှု ဒေါ်လာ ၂.၅ ထရီလီယံကို ပမာဏ အမြောက်အမြား ထပ်တိုးစေပြီး အမေရိကန် ပြည်သူတွေကို အကြွေးဝန် ပိစေမှာ ဖြစ်တယ်လို့ မတ်စ်ခ်က ဝေဖန်ခဲ့ပါတယ်။
ဇွန်လ ၃ ရက်နေ့က Xပေါ်မှာ ပို့စ်တွေ ဆက်တိုက် ရေးတင်ခဲ့ရမှာတော့ မတ်စ်ခ်က စိတ်မကောင်းပေမယ့် သူက ဆက်ပြီး သည်းမခံနိုင်တော့ကြောင်း၊ အခုလို ပမာဏ ကြီးမားတဲ့၊ အဆင်ခြင်မဲ့တဲ့၊ ဝက်သားအိုးကြီး ဖြစ်နေတဲ့ ကွန်ဂရက် အသုံးစရိတ် မူကြမ်းမျိုးဟာ စက်ဆုပ်စရာ ပုံပျက်ပန်းပျက် ကိစ္စ ဖြစ်နေကြောင်း ရေးသားသွားခဲ့ပါတယ်။ အမေရိကန် နိုင်ငံရေးမှာတော့ ဝက်သား ဆိုတာက လွှတ်တော် အမတ်တွေရဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ နိုင်ငံရေး ထောက်ခံမှု ရရှိအောင် သုံးစွဲပေးတဲ့ ဘတ်ဂျတ်ငွေကြေးတွေကို ဗန်းစကားအဖြစ် ရည်ညွှန်းတာပါ။
ထရမ့်ရဲ့ မူကြမ်းကို ဝေဖန်တဲ့ မတ်စ်ခ်ရဲ့ ပထမဆုံးပို့စ်က လူမှုကွန်ရက်ပေါ် တက်လာတဲ့အချိန် သတင်းထောက်တွေက အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ကာရိုလိုင်း လီယာဗစ်ကို သဘောထား မေးမြန်းတဲ့အခါ သူက သမ္မတ ထရမ့်ဟာ သူ့ရဲ့မူကြမ်းကို မတ်စ်က ထောက်ခံရပ်တည်တယ်လို့ နားလည်ထားကြောင်း ပြန်ဖြေသွားပါတယ်။
ထရမ့်ရဲ့ အခွန်မူကြမ်းမှာ အစိုးရက ချေးယူနိုင်တဲ့ ကြွေးမြီပမာဏ စုစုပေါင်းကိုလည်း ဒေါ်လာ ၄ ထရီလီယံထိ မြှင့်တင်ဖို့ လျာထားပါတယ်။ အဲဒီမူကြမ်းဟာ အောက်လွှတ်တော်မှာ အဆုံးအဖြတ် ခံယူတဲ့ အဆင့်ကို ကျော်ဖြတ်ခဲ့ပြီးတဲ့နောက် လက်တွေ့ အကောင်အထည်ဖော် ပြဋ္ဌာန်းဖို့အတွက် အထက်လွှတ်တော်မှာ မဲခွဲမှု ခံယူရဦးမှာပါ။ မူကြမ်းနဲ့ ပတ်သက်လို့ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီထဲမှာတင် ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ သဘောထား ကွဲလွဲတာမျိုး ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။
ကိုးကား: Reuters
